Friday, August 19, 2016

aung7

တစ်ပိုင်းတစ်စ တို့ထိမိခဲ့ရတဲ့ မင်းတပ်မြို့ - ၂ (ခရီးသွားဆောင်းပါး)


ကလင်…ကလင်…ကလင်…

ဖုန်းကနေ ပေးထားတဲ့ အချက်ပေးသံက ဆူညံလို့။ ချင်းတောင်တန်းရဲ့ ရင်ခွင်မှာ မှေးစက်နေတဲ့ ကျွန်တော့်ကို ထတော့…ထတော့…ထတော့…လို့ အချက်ပေးလိုက်သလိုပါပဲ။ အိပ်ရာ ထထချင်း အရင်ဆုံး လုပ်မိတာက အိပ်ယာဘေးက ပြတင်းကို ချက်ချင်းဆိုသလို ထဖွင့်လိုက်တာပဲ။ နံနက်ခင်းရဲ့ နေခြည်အောက်မှာ ချင်းတောင်တန်းကြီး ဘယ်လိုနေမလဲပေါ့။

အရင်ရက်တွေနဲ့မတူ။ ချင်းတောင်တန်းကြီးက တိမ်တွေ ကင်းစင်လို့ စိမ်းမြမြနဲ့ လေညှင်းသော့သော့ မြူးနေလေရဲ့။ သန့်ရှင်းလတ်ဆတ်တဲ့ ချင်းတောင်တန်းစီက လေသန့်သန့်ကို ရှုရှိုက်ရင်း နေ့တစ်နေ့ရဲ့ အစကို စတင်ရတာ တကယ့်ကို ကြည်နူးစရာပါ။

ဒါပေမဲ့လည်း ချင်းတောင်တန်းကြီးရဲ့ တချို့သောနေရာတွေဟာ စိမ်းမြခြင်းတွေ ပျောက်လို့ လူတွေရဲ့ စားဝတ်နေရေးဒုက္ခကို ဖြေရှင်းပေးဖို့အတွက် ပေးဆပ်နေရပါတယ်။ ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးမှု ကြောင့် တောင်တန်းတွေရဲ့ တချို့နေရာဟာ စိမ်းမြခြင်းတွေ ကွယ်ပျောက်နေပါပြီ။ တချို့နေရာတွေမှာ ဆိုရင် အိမ်ခြေ ၄၀၊ ၅၀ လောက် စုဝေးနေထိုင်နိုင်တဲ့ အကျယ်အ၀န်းထိ ရှိနေတာတွေတော့ နောင်တစ်ချိန်မှာ ဒီတောင်တန်းတွေရဲ့ စိမ်းမြခြင်းကို ကာကွယ်နိုင်ပါ့တော့မလားလို့ တွေးပူမိရဲ့။

“တောင်ပေါ်” တစ်ခွက်လောက်ဟေ့။ နေရာက “ချယ်ရီ” လို့ နာမည်ပေးထားတဲ့ ကော်ဖီဆိုင်။

ဘာလဲဟဲ့ တောင်ပေါ်။ ကိုယ်ဝင်ထိုင်လိုက်တာက ကော်ဖီဆိုင်၊ မှာလိုက်တာက “တောင်ပေါ်”။
ကိုယ်သောက်ချင်တာက ကော်ဖီ။ တောင်ပေါ်ခေါင်ရည်ကိုပဲ အညာက ထန်းရည်ကို “ပင်ကျ” လို့များ နာမ်စားပြု ခေါ်လိုက်တာလား မသိသေး။ လက်ဖက်ရည်ဆိုင်က ၀န်ထမ်းညီငယ်လေး လာချ ပေးတာက ပန်းကန်လုံးတစ်လုံးပေါ်မှာ အပေါ်ကနေ ဒန်ပန်းကန်ပြားလေးအုပ်လို့။ ဘာလဲဟဲ့ တောင်ပေါ်ဆိုပြီး စိတ်ကစော...
ကိုယ်သောက်ချင်တာက ကော်ဖီ။ တောင်ပေါ်ခေါင်ရည်ကိုပဲ အညာက ထန်းရည်ကို “ပင်ကျ” လို့များ နာမ်စားပြု ခေါ်လိုက်တာလား မသိသေး။ လက်ဖက်ရည်ဆိုင်က ၀န်ထမ်းညီငယ်လေး လာချ ပေးတာက ပန်းကန်လုံးတစ်လုံးပေါ်မှာ အပေါ်ကနေ ဒန်ပန်းကန်ပြားလေးအုပ်လို့။ ဘာလဲဟဲ့ တောင်ပေါ်ဆိုပြီး စိတ်ကစောနေလေရဲ့။

ကိုယ့်ရှေ့ရောက်လာတဲ့ ပန်းကန်လုံးပေါ်က ဒန်ပန်းကန်ပြားလေးကို ဖယ်လိုက်တော့ မွှေးကြိုင်တဲ့ ကော်ဖီနံ့။ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတာနဲ့ လက်ဖက်ရည် ကောင်တာဘက်ကို ကြည့်လိုက်တော့ တံဆိပ်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့ အသင့်သောက် ကော်ဖီမစ်တွေ။ အဲဒီထဲကမှ သင်တန်းပြပေးဖို့ အကူအညီ တောင်းတဲ့ ဆလိုင်းကို မေးကြည့်လိုက်တယ်။ ဒီကော်ဖီက “တောင်ပေါ်” လို့ ခေါ်တာ ဒီချင်းတောင် တန်းပေါ်မှာ စိုက်လို့လားဆိုတော့ သူက ဟုတ်တယ်တဲ့။


ကော်ဖီက သောက်ကြည့်လိုက်တော့ တကယ့်ကို အရသာ ရှိပါတယ်။ ပါးစပ်ထဲမှာ ရှင်းသွားပြီး အမွှေး နံ့ကလည်း လတ်ဆက်လို့။ ဒါနဲ့ ညီငယ် ဆလိုင်း ဆက်ပြောတာက “ဒီကော်ဖီကို နိုင်ငံခြားသားတွေကို မင်းတပ်ကို ရောက်ရင် လာသောက်တတ်ကြတယ်” တဲ့။ သြော်…နိုင်ငံခြားဖြစ် ကော်ဖီတွေ၊ အသင့် သောက်ကော်ဖီမစ်တွေနဲ့ လုံးချာလိုက်နေတဲ့ ကျွန်တော့်အတွက် နံနက်စောစော လန်းဆန်းစေဖို့ ချင်း တောင်တန်းကြီးက သူမြေက ထွက်တဲ့ ကော်ဖီနဲ့ ကြိုဆိုလိုက်ပုံက ကော်ဖီနံ့လိုပဲ သင်းလို့။

လမ်းပေါ်ကို ကြည့်လိုက်ရင်လည်း နှင်းတွေ ဝေနေတဲ့ ပုံက တကယ့်ကို တောင်ပေါ်မြို့လို့ မပြောရဘူး။ မင်းတပ်မြို့ဟာ ချင်းပြည်နယ်ရဲ့ တောင်ပိုင်းမြို့လေးပါ။ မကွေးတိုင်းနဲ့ ကပ်နေတာမို့ နယ်စပ်မြို့လို့ ဆိုရမယ့် မြို့တစ်ခုပါပဲ။ တောင်တွေကို ပတ်ပြီး ဖောက်ထားတဲ့ လမ်းဘေးတစ်လျှောက် အိမ်တွေကို အဓိက တည်ဆောက်ထားကြတာဖြစ်ပြီး အဲဒီက တစ်ဆင့်ြ့ပီး တစ်ဆင့် လမ်းတွေ ဖောက်လို့ တောင် ကမ်းပါးယံပေါ်မှာ အိမ်တွေ ဆောက်ထားကြလို့ တောင်နံရံပေါ်က မြို့လေးလို့ ဆိုရမှာပါ။

ခရိုင်မြို့ ဖြစ်တာနဲ့အညီ ခရိုင်မြို့အင်္ဂါရပ်နဲ့အညီ အစိုးရရုံးတွေကလည်း အစီအရီပါ။ ဒါပေမဲ့လည်း မြို့ကြီးပြကြီးတွေမှာ မြင်နေကြလို တင့်တောင့်တင့်တယ် အဆောက်အဦဆိုလို့ မြင်မိခဲ့ရသမျှထဲမှာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်ပညာရေးမှူးရုံးတို့ကိုပဲ တွေ့ခဲ့ရပါတယ်။ ကျန်တဲ့ လယ်/ယာ၊ လ၀က စတဲ့စတဲ့ ရုံးတွေက နယ်မြို့ရုံးများပီပီ သစ်သားလုံးချင်းရုံးလေးတွေ အဖြစ်နဲ့ပဲ မြင်ခဲ့ရပါတယ်။

မင်းတပ်မြို့ရဲ့ မိန်းလမ်းမကြီးအတိုင်း လာခဲ့တယ်ဆိုရင်ဖြင့် တောင်ပေါ်စေတီကလေး လှမ်းမြင်ရပြီး စေတီတော်ရဲ့ အမည်က စံမင်းသီရိစေတီပါ။ အဲဒီစေတီကို ကချင်ပြည်နယ်၊ ဖားကန့်မြို့က ဦးဟုန်းနိန်၊ ဒေါ်ယမင်းသင်္ဂီ မိသားစုက ၂၀၁၀ ခုနှစ် မေလ ၁၅ ရက်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီစေတီတည်ရှိ တဲ့ တောင်တန်းငယ်ပေါ်ကနေ ကြည့်ရင် မင်းတပ်မြို့ကြီးကို စီးမြင်နေရပါတယ်။ တောင်ပေါ်က ကြည့်လိုက်ရင် ခေါင်မိုး နီ၊ ခေါင်မိုးပြာ၊ ခေါင်မိုးဖြူ တိုက်ကလေးတွေကို အစီအရီလိုက် တွေ့ရသလို အဲဒီခေါင်မိုးတွေကြား ထင်းထင်းရင်းရင်း ပေါ်ထွက်နေတာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားရှိခိုး ကျောင်းတွေပါ။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်လေးတွေက အေးမြတဲ့ ချင်းတောင်တန်းပေါ်က မင်းတပ်မြေပေါ်မှာ အစီအရီနဲ့ပေါ့။
 တောင်ပေါ်က ကြည့်လိုက်ရင် ခေါင်မိုး နီ၊ ခေါင်မိုးပြာ၊ ခေါင်မိုးဖြူ တိုက်ကလေးတွေကို အစီအရီလိုက် တွေ့ရသလို အဲဒီခေါင်မိုးတွေကြား ထင်းထင်းရင်းရင်း ပေါ်ထွက်နေတာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားရှိခိုး ကျောင်းတွေပါ။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်လေးတွေက အေးမြတဲ့ ချင်းတောင်တန်းပေါ်က မင်းတပ်မြေပေါ်မှာ အစီအရီ...

တောင်ပေါ်စေတီက ကြည့်လိုက်ရင်ဖြင့် တစ်ဖက်မှာ မင်းတပ်မြို့ကြီးကို မြင်ရသလို နောက်တစ်ဖက် မှာတော့ တောင်ပုလုကျောင်းလို့ ဒေသခံတွေ အလွယ်တကူ ခေါ်ကြတဲ့ တောင်ပုလုဆရာတော် ဘုရားကြီး အထိမ်းအမှတ် ဘုန်းတော်ကြီးကျောင်းကိုလည်း လှမ်းမြင်နေရပါတယ်။

အဲဒီတောင်ပေါ်ကို တက်လာချိန်မှာ နားထဲမှာ ထူးထူးခြားခြား ကြားရတာက ရေတွေ တဝေါဝေါစီးတဲ့ အသံမျိုးပါ။ အသေအချာ နားထောင်တော့မှ တောင်ပေါ်ဘေးက ပေါက်နေတဲ့ သစ်ပင်တွေကို လေတိုး တဲ့အသံ။ ပေပေါင်း ၅၀၀၀ နီးပါးမြင့်တဲ့ မင်းတပ်မြို့ပေါ်က ဒီစေတီလေးပေါ်မှာ တိုက်တဲ့လေဟာ လတ်ဆတ်သလောက် ပြင်းထန်ပါတယ်။ မင်းတပ်မြို့ရဲ့ မြင်ကွင်းကို ဓာတ်ပုံ မှတ်တမ်းယူနေတဲ့ ကျွန်တော့်ကို မကြိုက်လို့လားမသိ။ တောင်ပေါ်လေတွေက တွန်းတွန်းထုတ်နေပါတော့တယ်။

ဒီကနေ တစ်ဆင့် နောက်တစ်ဖက်ကို ကြည့်လိုက်ရင်တော့ ကန်ပက်လက်ကို သွားတဲ့ မြွေလိမ်မြွေ ကောက်ကားလမ်းကြီးက တစ်ဖက် တောင်နံရံပေါ်မှာ ထင်းလို့။ မင်းတပ်ခရိုင်ထဲမှာ ဆိုပေမယ့်လို့ လည်း တစ်ဖက် တောင်နံရံပေါ်က ထင်းထင်းကြီးမြင်နေရတဲ့လမ်းက ကန်ပတ်လက်သို့တဲ့။ တောင် တစ်တောင်နဲ့ တစ်တောင်ကြား ကားလမ်းကြီးက ထိုးစိုက်ဆင်းနေပြီး အလယ်မှာတော့ တံတားတစ် စင်းက လမ်းနှစ်ခုကို တစ်စုတည်းအဖြစ် ပေါင်းစည်းပေးထားပါတယ်။ ဒီမြင်ကွင်းက ကမ္ဘာ့လှည့် ခရီးသွားတွေအတွက် တကယ့်ကို လှပသည့် မြင်ကွင်းတစ်ရပ်။


မည်သို့ပင် ဆိုစေကာမူ ချင်းတောင်တန်းပေါ်က မင်းတပ်မြို့ ရန်ကုန်သား သတင်းထောက် ကျွန်တော့် အတွက်တော့ တကယ့်ကို သာယာကြည်နူးမှုကို ပေးတဲ့ မြို့တစ်မြို့ဆိုရင်ဖြင့် မမှားပါဘူး။ နေခဲ့ရတဲ့ရက် နည်းပေမယ့်လည်း တို့ထိမိစေခဲ့တဲ့ အကြောင်းအရာတွေက အများသား။ လူမှုရေးအရ နှစ်လိုဖွယ် ဓလေ့စရိုက်တွေ ကျန်နေသေးတဲ့မြို့၊ စီးပွားရေးအရ ဒေသတွင်း ထွက်ကုန်ကိုတောင် ပြည်ပအဆင့် ပို့နိုင်တဲ့အထိ လုပ်ဖို့ ရေခံမြေခံ ရှိတဲ့မြို့၊ ထိန်းသိမ်းထားမယ်ဆိုရင်ဖြင့် သဘာဝ ရင်းမြစ်တွေကနေ ဒေသခံလူထုအတွက် အကျိုးအမြတ်တွေ ရှိနေသေးတဲ့ တောင်ပေါ်မြို့လေးအဖြစ် မင်းတပ်မြို့ကို မှတ်တမ်းတင်ထားလိုက်မိပါတော့တယ်။

အောာင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ) (၁၁ သြဂုတ် ၂၀၁၆)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :