Thursday, August 25, 2016

aung7

ငလျင်ဒဏ်ထိ စေတီပုထိုးများအား အလျင်စလို ပြုပြင်ခြင်းမပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား

Photo by MOI facebook
ရန်ကုန်၊ သြဂုတ် ၂၅

ပြင်းအား ၆.၈ ရှိ ငလျင်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများအား အလျင်စလို မပြုပြင်ကြရန်နှင့် UNESCO ၏ နည်းပညာအကူအညီဖြင့် Work Plan ပြုလုပ်၍ သေချာစွာ စီမံဆောင်ရွက်ရန် မှာကြားထားကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဋ္ဌေးက ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

“မြေငလျင်သင့်ဒေသများ အပျက်အစီး ရှင်းလင်းရေး၊ ပျက်စီးဆုံးရှုံးမှု စာရင်းများကောက်ယူခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ခြင်း (၂၅-၈-၂၀၁၆)” ခေါင်းစဉ်ဖြင့်ထားသော ယင်းဖော်ပြချက်တွင် အချက် ခြောက်ချက်ကို ဖော်ပြထားပြီး “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုး ၁၈၇ ဆူကို အလျင်စလို မပြုပြင်ရန်၊ ယူနက်စကို၏နည်းပညာ အကူအညီဖြင့် Work Plan ပြုလုပ်၍ သေချာစီမံရန် မှာကြားထားသည်” ဟု ဖော်ပြပါရှိသည်။

ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းတစ်ခုတည်းတွင်ပင် ဘုရားစေတီပေါင်း ၂၄၁ ဆူ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိန်းဂဏန်းများအရ သိရှိရပြီး စေတီပုထိုးများ ပြိုကျမှုဖြစ်စဉ်အတွင်း စပိန်နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ပျက်စီးဆုံးရှုံးခဲ့သည့် စေတီပုထိုးများအား ပြန်လည်ပြုပြင် ထိန်းသိမ်းရန်အတွက် ယူနက်စကိုမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများအနေဖြင့်လည်း နည်းပညာနှင့် ငွေကြေးအကူအညီများ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဋ္ဌေးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သော စေတီပုထိုးများအား ကြည့်ရှုစစ်ဆေးရန်အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်နှင့် တာဝန်ရှိသူများလည်း သြဂုတ်လ ၂၅ ရက်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လတ်တလောတွင် ငလျင်ဒဏ်ထိခဲ့သည့် စေတီပုထိုးများအား ၀င်ရောက်ဖူးမြှော်ခွင့် ခေတ္တပိတ်ပင်ထားကာ ရှေးဟောင်းအမွေအနှစ်များ ပျောက်ပျက်ဆုံးရှုံးခြင်း မရှိစေရန်အတွက် လုံခြုံရေးအစီအမံများလည်း ပြုလုပ်ထားပြီ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :