Tuesday, August 16, 2016

aung7

တစ်ပိုင်းတစ်စ တို့ထိမိခဲ့ရတဲ့ မင်းတပ်မြို့ (ခရီးသွားဆောင်းပါး)


ချင်းပြည်နယ်ရဲ့ တောင်ပိုင်းမြို့တော် မင်းတပ်မြို့။ ရေမျက်နှာပြင် ၄၈၀၀ ကျော်က ချင်းပြည်နယ်ရဲ့ တောင်ပိုင်းမြို့။ ပေပေါင်း ၅၀၀၀ နီးပါးလောက်က မြို့ဆိုတော့ ကိုယ့်ကို အေးမြခြင်းနဲ့ ကြိုဆိုကောင်းရဲ့။

ရန်ကုန်ကနေ ပခုက္ကူ၊ ပခုက္ကူကနေ မင်းတပ်ကို တောက်လျောက် ခရီးနှင်ခဲ့တော့ လူက တော်တော်လေး ပန်းပြီပေါ့။ ရန်ကုန်ကနေ တောက်လျောက်ဆိုသလို မင်းတပ်ကို တက်လာခဲ့ပေမယ့် ချင်းတောင်တန်းရဲ့ အေးချမ်းမှုကို မခံစားရသေး။ မကွေးခရိုင်၊ ကျောက်ထုကို ကျော်လို့ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်က ကြိုဆိုပါသည်ဆိုတဲ့ ဆိုင်းဘုတ်အထိ ချင်းပြည်နယ်ရဲ့ အေးချမ်းမှုကို ရှာမတွေ့။ ဒီလိုနဲ့ တက်လာရင်းက ပခုက္ကူ-ပေါက်-ကျောက်ထု-မင်းတပ် လမ်းပိုင်း မိုင်တိုင် (၈၈/၅) အရောက်မှာ ဘွားခနဲ တွေ့လိုက်ရတာက တိမ်ဆိုင်တွေ ဖုံးနေတဲ့ ချင်းတောင်တန်း တစ်ပိုင်းတစ်စ။ ဒါပေမဲ့လည်း တောင်တန်းက လွှင့်ထုတ်နေတဲ့ အအေးဓာတ်ကို မရပြန်သေး။

အဲဒီကနေအလွန် တဲဂိတ်ကလေးတစ်ခုအရောက်မှာတော့ စိမ့်ခနဲဆိုသလို ခံစားလိုက်ရတယ်။ အေးတာကို ဂရုမစိုက်နိုင်အား၊ တစ်လမ်းလုံး အစစ်အဆေး မရှိခဲ့သမျှ ဘယ်နဲ့ကြောင့် ဒီမှာ စစ်ဆေးရေးဂိတ်ရှိတာလည်း ဆိုပြီး သတင်းထောက်ပီပီ စပ်စုလိုက်တော့ လ၀က ဂိတ်လေး။ လ၀က ၀န်ထမ်းက သူ့ရဲ့ လ၀ကတံဆိပ်ကပ်ထားတဲ့ ၀တ်စုံအဖြူကို တိုင်တစ်ခုမှာ ချိတ်ထားပြီး ၀တ်ထား တာက စစ်ဂျာကင်နဲ့ဆိုတော့ စပ်စုမိတာလည်း ပါပါ့။ ကျွန်တော် စီးလာတဲ့ မိုးပီ Moe Pi တောင်တန်း ကားက ဒါရိုက်ဘာကို ဘယ်ကလာလို့ ဘယ်ကိုသွားမလဲဆိုပြီး မေးမြန်းပြီး ကားနံပါတ်ကို မှတ်သား တာပါ။ သူ့ရဲ့ တစ်ကိုယ်တည်း စံမြန်းနေတဲ့ စစ်ဆေးရေးတဲက ချင်းတောင်တန်းဘေးစောင်းမှာ ဆောက်ထားတာဖြစ်ပြီး တဲနောက်ကျောမှာဆိုရင် နှင်းထုတွေ ပြည့်နေတဲ့ ချိုင့်ဝှမ်းကြီး။


သူ့တဲလေး အလွန်မှာတော့ မထင်မရှား ဆိုင်းဘုတ်ကလေးတစ်ခု။

“နတ်မတောင် သဘာဝခရီးသွားနယ်မြေဒေသ” တဲ့။ ၀ိတိုရိယ၊ ခေါနုသုန်၊ ခေါနုဆုန် ဆိုမျိုး ဒေသအလိုက် ခေါ်နေကြတဲ့ နတ်မတောင် သဘာဝခရီးသွားနယ်မြေ။

လ၀က မရောက်ခင်မှာလည်း ချင်းတောင်တန်းပေါ်မှာ စမြင်ခဲ့ရတာကတော့ ထင်းရှူးပင်တွေပါ။ ထို့နည်းတူ ထူးထူးခြားခြား မြင်တာက “အမှိုက်မပစ်ရ…ဒဏ်ငွေ တစ်သိန်း” ဆိုတဲ့ ဆိုင်းဘုတ်ပါ။

အဲဒီစစ်ဆေးရေးဂိတ်မရောက်ခင် မင်းတပ်ခရိုင်အ၀င် ကျောက်ထုကို ရောက်တော့ အံ့သြမိတာတစ်ခု ရှိသေး။ အဲဒါက လမ်းတည်ဆောက်ထားတဲ့ စနစ်ပါ။ မကြာခဏ သတင်းတွေမှာပါသလို ချင်းတောင်မှာ မြေပြိုလို့ လမ်းပိတ်တယ်ဆိုတာ ပခုက္ကူ-မင်းတပ်လမ်းမှာ မတွေ့ရသလောက်ပါပဲ။ နှစ်နေရာလောက်ပဲ မြေသားအနည်းငယ် ပြိုတဲ့ လက္ခဏာတွေ တွေ့ခဲ့ရပြီး ကျွန်တော်တို့ ဖြတ်သန်း ချိန် အဲဒီမြေစာပုံတွေက ရှင်းလင်းပြီး ဖြစ်နေတော့ စိုးတထိတ်ထိတ် ချင်းတောင်ပေါ် တက်လာတဲ့ ကျွန်တော့်အတွက် အမောစိတ်ကို ပြေစေပြန်ပါတယ်။

တောင်ပေါ်က ရေစီးဖို့အတွက် ရေဆင်းမြောင်းတွေကို တောင်နံရံတိုင်းလိုလိုမှာ ထည့်သွင်းဖောက်လုပ်ထားသလို ရေဆင်းမြောင်းကြီး တဲ့နေရာမှာ အပေါ်က ကျောက်တုံးတွေ ပါလာခဲ့ရင် လမ်းမပေါ် မရောက်စေဖို့ သစ်သားတွေကို ဇကာ ပေါက်သဖွယ် ယှက်နွယ်ပြီး အခိုင်အခံ လုပ်ထားတော့...
နောက်ပြီး လမ်းဘေးတစ်လျှောက်မှာ တောင်ပြိုမှုကို ကာကွယ်နိုင်ဖို့အတွက် ကျောက်နံရံကို အဆင့်ဆင့် တည်ဆောက်ထားပုံကလည်း ပြိုလိုက်၊ ဖြိုလိုက်၊ ပြန်လုပ်လိုက်နဲ့ ဖြစ်နေတဲ့ တီးတိန်၊ ဖလမ်း၊ ဟားခါးလမ်းတွေက ပိုပြီးတော့ သပ်ရပ်တာကို မြင်ခဲ့ရပါတယ်။ တောင်ပေါ်က ရေစီးဖို့အတွက် ရေဆင်းမြောင်းတွေကို တောင်နံရံတိုင်းလိုလိုမှာ ထည့်သွင်းဖောက်လုပ်ထားသလို ရေဆင်းမြောင်းကြီး တဲ့နေရာမှာ အပေါ်က ကျောက်တုံးတွေ ပါလာခဲ့ရင် လမ်းမပေါ် မရောက်စေဖို့ သစ်သားတွေကို ဇကာ ပေါက်သဖွယ် ယှက်နွယ်ပြီး အခိုင်အခံ လုပ်ထားတော့ ဒီလမ်းကို ပြုပြင်နေတဲ့သူတွေရဲ့ စေတနာကို စောကြောမိစေခဲ့ပါတယ်။


လ၀က စစ်ဆေးရေးဂိတ်က အလွန် မင်းတပ်မြို့ထဲကို ၀င်လာတော့ ထူးထူးခြားခြား ခံစားမိစေတာက ချင်းတောင်တန်းရဲ့ အေးမြမှု။ ဒီအေးမြမှုကို ကျွန်တော်တစ်ယောက်တည်း ခံစားမိတယ် မထင်။ ခရီး သွားဖော် အသက် ၂၀ စွန်းစ လူငယ်တစ်ယောက်က ချက်ချင်းဆိုသလို သီချင်းတစ်ပိုင်းတစ်စကို ကောက်ညည်းလိုက်တယ်။

“တောင်ပေါ်ခေါင်ရည် ချိုမြမြ တစ်ကျိုက်လောက် သောက်ကြည့်ရင် အမောပြေ…ဒါဟာလေ ချင်းပြည်ရဲ့ အလှတစ်ခုပါ” တဲ့။ ချင်းတောင်တန်းရဲ့ အေးချမ်းမှုကို ကြံ့ကြံ့ခံဖို့ သူ အဖော်ရှာနေပြီလေ။ ဒီမှာ ထူးထူးခြားခြား မြင်မိတာတစ်ခုက တောင်ပေါ်မြို့တစ်ခု ဖြစ်လို့လားမသိ။ အဓိက ကျတဲ့ ကားလမ်းရဲ့ ဘေး ၀ဲယာတစ်ဖက်တစ်ချက်မှာပဲ နေအိမ်တွေကို အဓိကထား ဆောက်လုပ်ထားကြ တာပါ။ ခရိုင်အဆင့် အစိုးရရုံးတွေကိုလည်း လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်မှာ အစီအရီ တွေ့ခဲ့ရ တယ်။ အဲဒီလိုနဲ့ ကျွန်တော့်ကို သတင်းစာပညာသင်တန်း ပေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ချင်းမီဒီယာကွန်ရက် Chin Media Network ရဲ့ စီစဉ်ပေးမှုနဲ့ မြို့ထဲ လွတ်လပ်ရေးကျောက်တိုင်အနီးက ရှယ်နိုင်း တည်းခိုခန်းရှေ့ ရောက်လာပါတော့တယ်။

ဟိုတယ် ၀င်ဝင်ချင်းဆိုသလို ဟိုတယ်က အမျိုးသမီးက ထွက်ကြိုခဲ့ပြီး ကျွန်တော် တည်းရမယ့် အခန်းကို လိုက်ပြပါတယ်။ တည်းရမယ့်အခန်းမရောက်ခင် ဗုဒ္ဓဘာသာလိုဆိုရင် ဘုရားခန်းပေါ့။ တည်းခိုခန်းပိုင်ရှင်တွေက ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ ဖြစ်ပြီး ယေရှုခရစ်တော်၊ မယ်တော် မာရီ ရုပ်တုအမျိုးမျိုးနဲ့ သူတို့ရဲ့ ဘုရားခန်းကို ဦးဆုံးတွေ့လိုက်ရပါတယ်။ ယေရှုရဲ့ ကောင်းချီးပေးခြင်း အောက်မှာ အေးချမ်းစွာ တည်ရှိနေတဲ့ တည်းခိုခန်းပါ။


တည်းတဲ့အခန်းထဲ အရောက် စပ်စပ်စုစုနဲ့ လိုက်ကာတွေ ပိတ်ထားတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်ချိန် မှာတော့ ကျွန်တောာ် အံ့သြမှင်သက်မိတယ်။ တည်းခိုခန်းက ချောက်ကမ်းပါးယံပေါ်မှာ တည်ဆောက် ထားတဲ့ဖြစ်ပြီး သူ့နောက်မှာတော့ တိမ်တွေ ဖုံးနေတဲ့ ချင်းတောင်တန်းနဲ့ ချိုင့်ဝှမ်းကြီး။ တလူးလူး တလိမ့်လိမ့်နဲ့ ရှေ့ဆက်နေတဲ့ တိမ်ထုကြီး ချင်းတောင်တန်းတွေကို ကလူ၏ သို့၊ မြူ၏ သို့နဲ့။

အဲဒီအချိန်ပဲ ပြတင်းပေါက်ကနေ ငေးနေတဲ့ ကျွန်တော့်ဆီကို ပြေးဝင်လာတဲ့ တိမ်တိုက်တစ်ခု။ ကျွန်တော် တစ်ခါမှ မခံစားဖူးတဲ့ တိမ်တိုက်ရဲ့ အထိအတွေ့။ မျက်နှာပေါ်မှာ တိမ်တိုက်ရဲ့ အထိအတွေ့ကြောင့် အေးစက်သွားပေမယ့် စိတ်ထဲမှာတော့ နွေးခနဲ ခံစားလိုက်ရတယ်။ ချင်းတောင် တန်းကြီးက ငါနဲ့ မစိမ်း၊ နွေးထွေးလိုက်တာလို့ ခံစားလိုက်ရတယ်။

တိုက်တိုင်ဆိုင်ဆိုင် သီချင်းသံတစ်စက ကျွန်တော့်ဆီကို ပျံ့လွင့်လာပါတယ်။ ချင်းတောင်တန်းက မွေးဖွားလိုက်တဲ့ အဆိုတော် မဟုတ်ပေမယ့် မောရှမ်းမြေက မွေးဖွားလိုက်တဲ့ ဘိုဖြူရဲ့ သာယာနာ ပျော်ဖွယ် တေးသီချင်းသံ။ စိုင်းထီးဆိုင်ရဲ့ သီချင်းဟောင်းတွေကို ပြန်ဆိုထားတဲ့အသံ။ တေးဂီတသံ ထွက်တဲ့နေရာက တည်းခိုခန်းနောက်က လူနေအိမ်။ အဲဒီအိမ်ကို ဆိုလာပြားသုံးပြီး ဖွင့်နေတဲ့ ကတ်ဆက်သံ။

“မောတို့ ရှမ်းဌာနေ” ဆိုတဲ့ ရှမ်းပြည်ကို ဖိတ်ခေါ်တဲ့ သီချင်းသံ။ ရှမ်းတောင်တန်းရဲ့ ရင်ခွင်မှာ မခိုလှုံရပေမယ့် ချင်းတောင်တန်းရဲ့ ရင်ခွင်မှာ ခဏတော့ မှေးစက်ပါရစေဦးလို့။

အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ) (၁၀ သြဂုတ် ၂၀၁၆)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :