Monday, May 2, 2016

aung7

ကျောင်းအပ်ချိန်တွင် ငွေကြေးကောက်ယူ၊ အလှူခံခြင်း မပြုလုပ်ရန် ညွှန်ကြားထား

Photo by www.burmachildrensfund.org.uk
ရန်ကုန်၊ မတ် ၃

မကြာခင် ရောက်ရှိတော့မည့် ကျောင်းအပ်နှံချိန်နှင့် အခြားသောအချိန်များ၌ ကျောင်းသားမိဘနှင့် ကျောင်းသားမိဘများထံမှ ကျောင်းသုံးကိရိယာများ၊ စာသင်ခန်းသုံးပစ္စည်းများအား အကြောင်းပြု၍ ငွေကြေးကောက်ခံနေခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြရန် နေပြည်တော်၊ အခြေခံပညာဦးစီးဌာနမှတဆင့် ပြည်နယ်၊ တိုင်းဒေသများရှိ ခရိုင်ပညာရေးမှူးရုံးများသို့ ဧပြီလ ၂၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

သတ်မှတ်ထားသည့် အချိန်များအတွင်း ကျောင်းတံဆိပ်၊ ရင်ထိုးတံဆိပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ CET အခန်းဆုံး စစ်ဆေးခြင်းစာအုပ်များကဲ့သို့သော ကျောင်းသုံးကိရိယာများ ရောင်းချခြင်း၊ တံမြတ်စည်း၊ သောက်ရေအိုး၊ သန့်ရှင်းရေးကြေး စသည့် စာသင်ခန်းတွင်းသုံး ပစ္စည်းများကို ခေါင်းစဉ်အမျိုးမျိုးပြ၍ ကျောင်းသားများနှင့် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံ အလှူခံခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ရန်နှင့် ညွှန်ကြားချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ထပ်ဆင့် အကြောင်းကြောင်းပါသည်ဟူ၍ ထုတ်ပြန်ချက်၌ ပါရှိသည်။

ယခင်က ကျောင်းများတွင် စာသင်ခန်းသုံးနှင့် ကျောင်းသုံးကရိယာများအတွက် ငွေကြေးကောက်ခံမှုများ ရှိခဲ့သော်လည်း တစ်ကျောင်းနှင့် တစ်ကျောင်း ကောက်ခံနှုန်းထားခြင်း မတူညီကြပေ။

ထို့ပြင် ယင်းညွှန်ကြားချက်၌ “ပညာရေးမှူးရုံး လက်အောက်ရှိ အခြေခံပညာကျောင်းများ/ရုံးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမ၀န်ထမ်းများ၏ လစာငွေမှ မည်သည့်အကြောင်းကိစ္စဖြစ်စေ ငွေကြေးဖြတ်တောက်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်ကိုလည်း ညွှန်ကြားထားသည်။

ယခင်က ဆရာ၊ ဆရာမမများမှာ ပင်စင်ကြေး၊ နာရေးကြေး စသည်ဖြင့် တစ်လလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့်အထိ လစာထဲမှ ဖြတ်တောက်ခံရမှုများ ရှိပြီး ယင်းဖြတ်တောက်မှုနှုန်းမှာလည်း ဒေသတစ်ခုနှင့် မတူညီကြပေ။ ထို့ပြင် သင်တန်းတက်ရောက်မည့် ဆရာများ၊ ဓမ္မစတြာအသင်းကဲ့သို့ အသင်းများတွင်လည်း ရန်ပုံငွေ လိုအပ်ပါက ဆရာ၊ ဆရာမမများက အချိုးကျ စိုက်ထုတ်သုံးစွဲရလေ့ ရှိသည်။

ယခုကဲ့သို့ ပညာရေးဝန်ထမ်းများထံမှ ငွေကြေးကောက်ခံမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း ကျောင်းရန်ပုံငွေ အမည်ခံကာ ဆရာ၊ ဆရာမမများမှာ ကျောင်းတွင်း မုန့်ရောင်းခြင်းကဲ့သို့ လုပ်ငန်းများကိုမူ ကန့်သတ်ချက် မပါရှိသေးပေ။

အောက်ချင်း သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :