Sunday, March 27, 2016

aung7

ဒီမိုကရေစီရေး လှုပ်ရှားမှုများတွင် တပ်မတော် ပါဝင်ရန်NLD နှိုးဆော်

ရန်ကုန်၊ မတ် ၂၇

တော်လှန်ရေးလုပ်သည့်အခါ မှန်မှန်ကန်ကန် လုပ်သွားဖို့ လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထုအားလုံး တစိုက်မက်မက် ကြိုးပမ်းနေကြသည့် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အတူတကွ ပါဝင်ဆင်နွှဲ အောင်ပွဲခံနိုင်စေလိုကြောင်း NLD ၏ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဂုဏ်ပြုထုတ်ပြန်ချက်တွင် ပါရှိသည်။

NLD ၏ ထုတ်ပြန်ချက်တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော လွှတ်တော်နှင့် အစိုးရအဖွဲ့အား မြန်မာနိုင်ငံ၏ အမျိုးသားအင်အားစုကြီးဖြစ်သည့် တပ်မတော်သည် ပြည်သူလူထုအားလုံး တစ်စိုက်မက်မက် ကြိုးပမ်းနေကြသည့် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အတူတကွ အမျိုးသားရင်ကြားစေ့ရေး ပါဝင်ဆင်နွှဲ အောင်ပွဲခံနိုင်ပါစေကြောင်း ဤ (၇၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ဂုဏ်ပြုရင်း တိုက်တွန်းနှိုးဆော်လိုက်ရပေသည်” ဟု ဖော်ပြထားခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် တော်လှန်ရေးနှင့် ပတ်သက်၍ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကိုးကား၍ တော်လှန်ရေးဆိုသည်မှာ အဆုံး မဟုတ်ဘဲ အစသာ ဖြစ်ကြောင်း၊ တော်လှန်ရေးပြီးပါက တည်ဆောက်ရေးကို သွားရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းမှာ အရေးကြီးကြောင်းတို့ကို “အလုပ်တစ်ခုကို လုပ်တယ်ဆိုရင် ပန်းတိုင်တင်မကသေးဘူး။ လုပ်ပုံလုပ်နည်းကလည်း အများကြီး အရေးကြီးပါတယ်။ လုပ်ထုံးလုပ်နည်း မမှန်လို့ရှိရင် တော်လှန်ရေးကြီး အောင်မြင်သွားတဲ့အခါမှာ တည်ဆောက်ရေးကာလ ရောက်တဲ့အခါမှာ အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့်မို့လို့ နောင်တည်ဆောက်ရေးကာလ ရောက်တဲ့အခါမှာ အခက်အခဲတွေ နည်းနိုင်သမျှ နည်းအောင်ဆိုပြီး ကျွန်မတို့ တော်လှန်ရေးလုပ်တဲ့အခါမှာ မှန်မှန်ကန်ကန် လုပ်သွားဖို့ လိုပါတယ်” ဟု ပါရှိသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဖေဖော်ဝါရီလ ၁၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
လက်ရှိအချိန်တွင် ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူနှင့် တပ်မတော်တို့ကြား လက်တွဲလုပ်ကိုင်ရန် လိုအပ်နေကြောင်း အဆိုပါ တော်လှန်ရေးနေ့ ဂုဏ်ပြုကြေညာချက်တွင် ပါရှိပြီး “နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးသမားရှိမှသာလျှင် နိုင်ငံရေးဘက်က ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့်မို့လို့ နိုင်ငံ့ရဲ့အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်နိုင်မယ့် နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာ နားလည်မှုအများကြီး ရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုထားမှုကို ဖော်ပြထားသေးသည်။

အောက်ချင်း သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :