Monday, March 28, 2016

aung7

တိုင်းနှင့် ပြည်နယ်အလိုက် NLD ၀န်ကြီးချုပ်များ ခန့်အပ်တည်ပြု

ရန်ကုန်၊ မတ် ၂၈

လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် တိုင်းနှင့် ပြည်နယ်အလိုက် ၀န်ကြီးချုပ်စာရင်းများအတိုင်း မတ်လ ၂၈ ရက်တွင် ပြုလုပ်သည့် တိုင်းနှင့် ပြည်နယ် လွှတ်တော် အသီးသီးတွင် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

အတည်ပြု ခန့်အပ်လိုက်သည့် ၀န်ကြီးချုပ်များမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်များဖြစ်ပြီး ထူးခြားချက်အနေဖြင့် အမျိုးသမီးဝန်ကြီးချုပ်နှစ်ဦး ပါရှိသည်။

တိုင်းနှင့် ပြည်နယ်အလိုက် ခန့်အပ်ခံရသည့် ၀န်ကြီးချုပ်များမှာ ဒေါက်တာခက်အောင် (ကချင်ပြည်နယ်)၊ ဦးအယ်လ်ဖောင်းရှိ (ကယားပြည်နယ်)၊ ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်)၊ ဦးဆလိုင်းလျန်လွယ် (ချင်းပြည်နယ်) ဒေါက်တာမြင့်နိုင် (စစ်ကိုင်းတိုင်း)၊ ဒေါက်တာလဲ့လဲ့မော် (တနင်္သာရီတိုင်း)၊ ဒေါက်တာဝင်းသိန်း (ပဲခူးတိုင်း)၊ ဒေါက်တာအောင်မိုးညို (မကွေးတိုင်း)၊ ဒေါက်တာဇော်မြင့်အောင် (မန္တလေးတိုင်း)၊ ဦးမင်းမင်းဦး (မွန်ပြည်နယ်)၊ ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်း)၊ ဒေါက်တာလင်းထွဋ် (ရှမ်းပြည်နယ်) နှင့် ဦးမန်းဂျော်နီ (ဧရာဝတီတိုင်း) တို့ ဖြစ်သည်။

တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသူများအနေဖြင့် လစာငွေအဖြစ် ကျပ်သိန်း ၃၀ ရရှိမည်ဖြစ်ကာ အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေးအစောင့်အရှောက်၊ ပြည်တွင်း အခမဲ့ ဆေးကုသခွင့်၊ ရေ၊ လျှပ်စစ်နှင့် ပြည်တွင်း ခေါ်ဆိုမှုများအတွက် ဖုန်း အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေးအရာရှိ တစ်ဦးနှင့် အိမ်အကူ နှစ်ဦး၊ ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် အခမဲ့ခံစားခွင့်တို့ ရရှိမည် ဖြစ်သည်။

ထို့ပြင် မော်တော်ယာဉ်လေးစီးနှင့် တစ်စီးလျှင် တစ်လအတွက် ဓာတ်ဆီဂါလံ ၆၀၊ ယာဉ်မောင်းလေးဦးအပြင် မော်တော်ယာဉ်များအတွက် အမှန်ကုန်ကျမည့် စက်ဆီနှင့် ချောဆီများကို ခံစားခွင့်ရမည် ဖြစ်သည်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသူ ဒေါ်နန်းခင်ထွေးမြင့်မှာ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့ဖူးပြီး လက်ရှိ ကရင်ပြည်နယ် NLD ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှာ ၂၀၁၂ ခုနှစ်တွင် NLD ပါတီဝင်ဖြစ်လာသူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် (၁) မှ အနိုင်ရရှိ ရွေးချယ်ခံရသူ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :