Sunday, March 13, 2016

aung7

ဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံမှာ ကျောင်းသူတွေ အဓမ္မပြုကျင့်ခံရတာ ရင်နာတယ် - န၀မတန်းကျောင်းသူ

(ကလေးမြို့၊ ခမရ ၃၆၁ မှ တပ်သား စောနိုဦး၏ အဓမ္မပြုကျင့်ခံရသူ န၀မတန်းကျောင်းသူနှင့် မိဘနှစ်ဦးအား တွေ့ဆုံမေးမြန်းခြင်း)

ကလေး၊ မတ် ၁၃

ဥပဒေ စိုးမှုမရှိသည့် နိုင်ငံတွင် စစ်ဘက်ဆိုင်ရာ ၀န်ထမ်းတစ်ဦးမှ အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦးအား အလိုမတူဘဲ အဓမ္မပြုကျင့်မှုမှာ ရင်နာစရာ ကောင်းလှပြီး ယင်းလုပ်ရပ်အပေါ် ထိုက်တန်သည့် ပြစ်ဒဏ်ပေးစေလိုကြောင်း စစ်ဘက်ဝန်ထမ်းတစ်ဦး၏ အဓမ္မပြုကျင့်ခြင်းခံခဲ့ရသူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ န၀မတန်းကျောင်းသူက ပြောဆိုလိုက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ၂၀၁၅ ခုနှစ် ဇွန်လ ၆ ရက်က အလိုမတူဘဲ သားမယားပြုကျင့်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ ကျူးလွန်သူမှာ ခြေမြန် တပ်ရင်း - ခမရ ၃၆၁ မှ တပ်သားတစ်ဦးဖြစ်သူ စောနိုဦး (အသက် ၃၀ နှစ်ခန့်) ဖြစ်ပြီး အဓမ္မပြုကျင့်ခံခဲ့ရသူမှာ အသက် ၁၄ နှစ်အရွယ် န၀မတန်းကျောင်းသူတဦး ဖြစ်သည်။ အဆိုပါကျောင်းသူမှာ ကလေးမြို့၊ ကျီကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အင်ဒိုင်းကြီး အထက် တန်းကျောင်းတွင် ပညာသင်ကြားနေသူလည်း ဖြစ်သည်။

အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ ကျူးလွန်သူအား စစ်ဘက်ဆိုင်ရာ တရားရုံးက တပ်စည်းကမ်းဖောက်ဖျက်မှု ခေါင်းစဉ်ဖြင့် တစ်နှစ်သာ ပြစ်ဒဏ်ချမှတ်ခြင်း၊ အရပ်ဘက် တရားရုံးတွင်မူ ကျူးလွန်သူမှ အပြစ်ဝန်ခံထားသော်လည်း ယခုအချိန်အထိ ပြစ်ဒဏ် တစုံတရာ ချမှတ်ခြင်းမရှိသေးပဲ အချိန်ကြန့်ကြာနေခြင်းမှာ မဖြစ်သင့်ကြောင်း ကျူးလွန်ခံရသူ န၀မတန်းကျောင်းသူက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရသူ ကျောင်းသူနှင့် မိဘနှစ်ဦးတို့ကို အောက်ချင်း သတင်းအေဂျင်စီမှ သွားရောက်မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်သည်။

အဓမ္မပြုကျင့်ခံရသူ န၀မတန်း ကျောင်းသူ

မေး - ညီမကို စစ်ဘက်ဆိုရင်ရာဝန်ထမ်းတစ်ဦးက အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်ကို ပြောပြလို့ရမလား။

ဖြေ - သမီးတို့ အောင်စာရင်းကြည့် သွားတာရှင့်။ သမီးနဲ့ မြင့်မြင့်မိုးက အောင်စာရင်း ကြည့်သွားတော့ မမိုးကော ပါတယ်ရှင့်။ မမိုးက သူ့ကို သူများတွေက ကျတယ်ပြောတော့ ငိုယိုပြီးတော့ တပ်ထဲမှာ နေခဲ့တယ်ရှင့်။ BE တပ်ထဲမှာ။ သမီးနဲ့ သူငယ်ချင်းက အောင်စာရင်း သွားကြည့်တာရှင့်။ အောင်စာရင်း သွားကြည့်ပြီးတော့ အပြန်မှာ သမီး သူငယ်ချင်းကလည်း ၀တယ်ဆိုတော့ စက်ဘီးက တွန်းခဲ့တာ။ စက်ဘီးက တွန်းခဲ့ပြီးတော့ (ကျူးလွန်သူက) ရုတ်တရက် ချုံပုတ်ထဲက ထွက်ခဲ့တာ။ ချုံပုတ်ထဲက ထွက်လာပြီး သမီးကို ဆွဲတာ။ သမီး သူငယ်ချင်းက အော်တာ။ အော်တော့ သမီးသူငယ်ချင်းကို တွန်းထားခဲ့တာ။ တွန်းထားပြီးတော့ သမီးကို နှာခေါင်းတွေ၊ ပါးစပ်တွေ ပိတ်တာ။ တောနက်ထဲ ခေါ်သွားတာ။ သမီးကလည်း အသက်ရှုကျပ်တာဆိုပြီး အတင်းရုန်းတာ။ ရုန်းတော့ လွတ်တော့ သမီးကို သူ့ကို အတင်းရုန်းပြီးတော့ ထွက်ပြေးတာ။ ထွက်ပြေးတော့ (ပြန်) မိတာ။ မိပြီးတော့ နင့်ကို လုံးပြီးတော့ သတ်ထားခဲ့မှာတဲ့၊ အဲဒီအတိုင်း ပြောတာ။

အဲဒီအတိုင်း ပြောပြီးတော့ သူက သမီးကို ပါးတွေ ရိုက်တာ။ ထိုးလည်း ထိုးတာ။ ထိုးပြီးတော့ ဆံပင်တွေကော ဆောင့်ဆွဲ၊ လက်တွေကော လိမ်ချိုးတာ။ ပြီးတော့ သမီးကို ပါးတွေ ရိုက်တာရှင့်။ ရိုက်ပြီးတော့ ဆံပင်တွေ ဆောင့်ဆွဲပြီး သမီးကို ခေါ်သွားတာရှင့်။ အဲဒီ တောနက်ထဲပဲ ခေါ် သွားတာ။ သမီးက ရုန်းတာရှင့်၊ အော်တာရှင့်။ အော်တော့ ထပ်ပြီးတော့ ရိုက်တာရှင့်။ သမီးကို “ဒီတစ်ခါ အော်ရဲ အော်ကြည့်၊ နင့်ကို လုံးပြီး သတ်ထားမှာ”ဆိုပြီး သမီးရဲ့ အောက်ခံဘောင်းဘီကို ချွတ်တာရှင့်။ ပြီးတော့ နှုတ်ခမ်းတွေကို စုပ်တာရှင့်။ အဲဒါပြီးတော့ သူက သမီးကို ဆွဲခေါ်သွားတာရှင့်။ သမီးက အော်တာရှင့်။ အော်လို့ သမီးကို နှုတ် ခမ်းတွေကော၊ ပါးစပ်တွေကော ပိတ်ထားတာရှင့်။ သမီး ရုန်းတာ အသားကုန်ရှင့်။ ရုန်းတော့ သမီးကို နှုတ်ခမ်းပိတ်တယ်၊ ခေါ်သွားတယ်၊ ထမ်းပြီးတော့။ အဲဒါပြီးတော့ အပင်ကြီးအောက် ရောက်တာရှင့်။ အဲဒါပြီးတော့ သူက သမီးကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်တာရှင့်။

ပြုကျင့်ပြီးတော့ သူတို့တပ်ဘက်ကပဲ လာတယ်ရှင့်။ လာပြီးတော့ လူသံလည်း ကြားကော အဲဒီ ခွေးတိရစ္ဆာန်ကောင်တွေက ဖြတ်ပြေးသွားသေး တယ်ရှင့်။ ပြေးသွားပြီးတော့မှ သမီးကို ခေါ်တာရှင့်။ ခေါ်သွားပြီးတော့ လမ်းမရောက်တော့ ဦးကြီးတစ်ယောက်က သမီးကို ဆိုင်ပေါ်တင်ပြီး မိဘတွေ ရှိရာကို ခေါ်သွားတယ်ရှင့်။ အဲဒါပြီးတော့ သူတို့ရဲ့ သက်သာဆိုင်ဘက် (တပ်တွင်း ဖွင့်လှစ်ထားသည့်ဆိုင်) ကို ခေါ်သွားတာ။ သမီးကို ခေါင်းတွေကော ဖြီးပေးတာရှင့်။ ခေါင်းတွေ ဖြီးပြီး ရေတွေကော ချိုးပေးတာရှင့်။ ချိုးပေးပြီးတော့ သူတို့ တပ်ဘက်က ဆေးတွေကော လိမ်းပေးတာရှင့်။ လိမ်းပေးပြီးတော့ ရဲဘက်ကို အမှုဖွင့်တာရှင့်။ အမှုဖွင့်ပြီးတော့ ဆေးရုံ ရောက်သွားတယ်ရှင့်။ ပြီးတော့ ဆေးတွေကော တိုက်တာရှင့်။ အဲဒီနောက် သမီးတို့ အိမ်လည်း ရောက်တော့ ဆေးတွေကော လူးရတာရှင့်။ အားဆေးတွေကော တိုက်တာရှင့်။

သူတို့ တပ်ဘက်က တစ်နှစ်ချတယ်လို့ ကြားတယ်ရှင့်။ ချတော့ သမီးက ဘယ်လိုမှ မကျေနပ်ဘူးရှင့်။ သူတို့ သားသမီးတွေဆိုရင် သူတို့ ခံစားရမှာပါ။ (အရပ်ဘက်) စစ်ဆေးတာက တော်တော်လေး ကြာသွားပြီရှင့်။ အခုထိကို လုံးဝ မပြတ်နိုင်သေးဘူး။

မေး - ညီမလေး အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်က ခေါ်ယူစစ်ဆေးတာ ရှိသေးလား။

ဖြေ - ကျွန်မကို စစ်တပ်က အဓမ္မပြုတဲ့နေ့ကစ အဖေ၊ အမေ၊ သူငယ်ချင်းအကုန်လုံးကို နေညမပြတ် ခေါ်စစ်ပါတယ်။ တစ်ယောက် တစ်ခန်းစီစစ်ပါတယ်ရှင့်။ အမေဆို မူးလဲလို့ ဆေးထိုးယူရပါတယ်ရှင့်။

မေး - အမှုနှင့်ပတ်သက်လို့ တပ်တွင်းစစ်ဆေးပြီး ကျူးလွန်သူကို စစ်ဘက်ဆိုင်ရာတရားရုံးက တစ်နှစ် အမိန့်ချတယ်ဆိုတာ ဟုတ်သလား။

ဖြေ - သမီးကို အဓမ္မပြုကျင့်တာနဲ့ ပတ်သက်ပြီး ထောင်ချတာ တိုက်ရိုက် မသိခဲ့ရပါဘူး။ အဖေသွားပြီး စုံစမ်းမှ တပ်စည်းကမ်းပျက်ကွက်မှုနဲ့ တစ်နှစ်ချထားတယ်လို့ သိရပါတယ်ရှင့်။

မေး - စစ်ဘက်ဆိုင်ရာတရားရုံးက တစ်နှစ်ပဲ အမိန့်ချတဲ့အပေါ်မှာကော ညီမဘယ်လိုမြင်ပါသလဲ။

ဖြေ - စစ်ဘက်ဆိုင်ရာ တရားရုံးက တစ်နှစ်ပဲ ချတဲ့အပေါ် လုံးဝမကျေနပ်ပါဘူး။ သူတို့ တပ်မိသားစုဝင်ဆို ဒီလိုချရင်ခံနိုင်မလား။

မေး - ဒီအမှုကို အရပ်ဘက်တရားရုံးမှာလည်း စစ်ဆေးနေတယ်ဆိုတော့ အမှုအခြေအနေ ဘယ်အဆင့်ရောက်ပြီလဲ။

ဖြေ - အရပ်ဘက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးပါတယ်ရှင့်။ ကျွန်မကို အဓမ္မပြုကျင့်တဲ့ ၃၆၁တပ်ရင်းက တပ်သားစောနိုဦးကလည်း သူပြုလုပ်ခဲ့ကြောင်း ဝန်ခံပြီးပါပြီရှင့်။

မေး - အမှုက တစ်နှစ်ဝန်းကျင်ရှိလာတဲ့အထိ အရပ်ဘက်တရားရုံးက အမိန့်တစုံတရာ မချတဲ့အပေါ်ညီမလေးရဲ့သဘောထားကကော။
တရားဥပဒေစိုးမိုးမှုမရှိတဲ့ မြန်မာပြည်မှာ အခုလိုမျိုး အဓမ္မပြုကျင့်တဲ့အပေါ်မှာ သမီးတို့လို ကျောင်းသူတွေ၊ မိန်ကလေးတွေ ရင်နာစရာကောင်းပါတယ်...
ဖြေ - အမှုက တစ်နှစ်ဝန်းကျင်ရှိပါပြီ။ အရပ်ဘက်တရားရုံးက ထိုက်တန်တဲ့ဥပဒေနှင့်အညီ အပြစ်ဒဏ်ပေးစေလိုပါတယ်ရှင့်။

မေး - ပြည်သူကို ကာကွယ်ရမယ့် စစ်ဘက်ဝန်ထမ်းက မကာကွယ်တဲ့အပြင် ပြစ်မှုကျူးလွန်တဲ့အပေါ်မှာကော ဘာပြောချင်သလဲ။

ဖြေ - အခုလိုမျိုး ပြည်သူကိုကာကွယ်ရမယ့် စစ်သားက မကာကွယ်ဘဲ အဓမ္မပြုကျင့်တဲ့အတွက် နောက်ပြည်သူတွေ ကျွန်မလိုမဖြစ်အောင် အကြီးမားဆုံးပြစ်ဒဏ်ကို တပ်မတော်နဲ့ ပြည်သူသိအောင်၊ နောက် ဒီလိုမဖြစ်အောင် အပြစ်ပေးစေလိုပါတယ်ရှင့်။

မေး - တရားဥပဒေစိုးမိုးမှုမရှိတဲ့ မြန်မာပြည်မှာ အခုလိုမျိုး အဓမ္မပြုကျင့်ခံရပေမယ့် ဥပဒေရဲ့အကာအကွယ်မရတဲ့ အပေါ်မှာကော ဘာပြောချင်လဲ။

ဖြေ - တရားဥပဒေစိုးမိုးမှုမရှိတဲ့ မြန်မာပြည်မှာ အခုလိုမျိုး အဓမ္မပြုကျင့်တဲ့အပေါ်မှာ သမီးတို့လို ကျောင်းသူတွေ၊ မိန်ကလေးတွေ ရင်နာစရာကောင်းပါတယ်။

အဓမ္မပြုကျင့်ခံရသူ န၀မတန်းကျောင်းသူ၏ မိခင်

မေး - အန်တီရဲ့ သမီး အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ဘယ်လိုသိခဲ့ရတာလဲ။

ဖြေ - ကျွန်မ သမီးတစ်ယောက်၊ BE တပ်ကနေ နေ့လယ်၁၂နာရီမှ သိရပါတယ်။

မေး - သမီးကိုရှာဖို့ ဘယ်သူတွေဆီကနေ အကူအညီတောင်းခဲ့လဲ။

ဖြေ - ကျွန်မ သိသိချင်း ရွာဥက္ကဌ ဦးအဲထွေးနဲ့ ကျီကုန်းရွာပြည်သူ့စစ် ဦးကံထွန်းကို သွားခေါ်ပါတယ်။ သူကတော့ သူနဲ့ မဆိုင်ကြောင်း ပြောလွှတ်လို့ ၃၆၁ ယာယီတပ်ရင်းမှူးကိုလည်း အကူအညီတောင်းခဲ့ပါတယ်။ BE တပ်က ဗိုလ်မှူးတင်အောင်မိုးကိုလည်း ရှာပေးဖို့ အကူညီတောင်းတော့ လူ ၄၀ ခန့်လောက်နဲ့ ဝိုင်းဝန်းရှာပေးပါတယ်ရှင့်။

မေး - ကျူးလွန်သူကို နာမည်ကြားကတည်းက အဒေါ်က သိတယ်လို့ ကြားရတယ်။ ဟုတ်ပါသလား။

ဖြေ - ကျွန်မ သူ့အဝက်အစားမြင်တာနဲ့ သူဟာ ပြည်သူ့စစ်ဦးကံထွန်းရဲ့ တူမနှင့်ရပြီး ကျွန်မအိမ်နားမှာ နေတာကြောင့် သူ့အဝက်အစားမြင်တာနဲ့ ၃၆၁ တပ်ရင်းက စောနိုဦးဆိုတာ သိတာပါရှင့်။

မေး - အဒေါ်သမီးနဲ့ အဲဒီနေ့က ဘယ်အချိန်မှ တွေ့ရသလဲ။

ဖြေ - ကျွန်မသမီးကို ညနေ ၆ နာရီ (အခင်းဖြစ်ပွားသည့်နေ့) မှ သက်သာဆိုင်အနီးက တိုက်ခန်းအတွင်းမှာ တွေ့ရပါတယ်ရှင့်။

မေး - အမူကိုကော ဘယ်ရဲစခန်းမှာ ဖွင့်ခဲ့တာလဲ။

ဖြေ - ကျွန်မ ယောက်ျားကလည်း ရာဇဂြိုလ်ဆည်မှာ သံချည်သံကွေး နေ့စားလိုက်နေတယ်။ အဲဒါကြောင့် ကျွန်မကိုယ်တိုင် ကလေးမြို့ရဲစခန်း ဒုရဲအုပ်ဦးသိန်းဆောင်ဆီမှာ အမှုဖွင့်ခဲ့ပါတယ်ရှင့်။

မေး - အဒေါ်သမီးကို ဆေးစစ်တာတွေ လုပ်ခဲ့သေးသလား။

ဖြေ - လုပ်ခဲ့ပါတယ်ရှင့်။ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ စစ်ပါတယ်ရှင့်။
ရဲစခန်းမှာအမှုဖွင့်နေချိန်နဲ့ သမီးကို ဆေးစစ်နေစဉ် တပ်ထဲက၃ ဦးလာပြီးမှ အမှုမဖွင့်ဖို့၊ ကျွန်မယောက်ျား ကျေနပ်အောင် ဆောင်ရွတ်ပေးပါမယ်လို့ လာပြောတာတော့ ရှိခဲ့ပါတယ်...
မေး - တပ်ဘက်က ညှိနှိုင်းဆွေးနွေးမှုတွေ ရှိသေးလား။

ဖြေ - ကျွန်မ ရဲစခန်းမှာအမှုဖွင့်နေချိန်နဲ့ သမီးကို ဆေးစစ်နေစဉ် တပ်ထဲက၃ ဦးလာပြီးမှ အမှုမဖွင့်ဖို့၊ ကျွန်မယောက်ျား ကျေနပ်အောင် ဆောင်ရွတ်ပေးပါမယ်လို့ လာပြောတာတော့ ရှိခဲ့ပါတယ်ရှင့်။

အဓမ္မပြုကျင့်ခံရသူ န၀မတန်းကျောင်းသူ၏ ဖခင်

မေး - သမီးဖြစ်သူရဲ့ အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာတရားရုံးက တစ်နှစ် အပြစ်ပေးခဲ့တယ်လို့ သိရတယ်။ ဒီပြစ်ဒဏ်စီရင်မှုအပေါ်မှာကော မိဘတစ်ယောက်အနေနဲ့ ဘာပြောချင်သလဲ။

ဖြေ - ကျွန်တော်ကတော့ဗျာ ဒါဟာမဖြစ်သင့်တဲ့ဥပဒေ (အပြစ်ပေးမှု) ပါ။ ချထားတာကလည်း တပ်စည်းကမ်း ပျက်ကွက်မှုနဲ့ ချတာတဲ့။ ကျွန်တော့်သမီးကို အဓမ္မပြုကျင့်မှုနဲ့လည်း မဟုတ်ဘူး။ ကျွန်တော် လုံးဝမခံမရပ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။

မေး - အခုလိုမျိုး ကိုယ့်ရဲ့သားသမီးကို တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ရမယ့် စစ်သားက အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် ဘာပြောချင်ပါသလဲ။

ဖြေ - အခုလိုမျိုး ကိုယ့်ရဲ့သားသမီးကို တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ရမယ့်စစ်သားက အဓမ္မပြုကျင့်တယ်ဆိုတာ နိုင်ငံတော်ကို ရုပ်ဆိုးစေပါတယ်။ နောက် ဒီလို တပ်သားတွေမဖြစ်အောင် ကျွန်တော်ကတော့ ကျွန်တော်သမီးကိစ္စကို ခေါင်းတည်ပြီး တပ်မတော်နဲ့ ပြည်သူအားလုံးသိအောင် ထိုက်တန်တဲ့ အပြစ်ဒဏ်ပေးစေလိုပါတယ်။

မေး - အရပ်ဘက်တရားရုံးမှာ တစ်နှစ်ဝန်းကျင်ခန့်အထိ အမှုနဲ့ ပတ်သက်ပြီး အပြီးသတ် အမိန့်မချမှတ်နိုင်သေးတဲ့အပေါ်မှာကော။

ဖြေ - ဒီအမှုကို တစ်နှစ်ဝန်းကျင်အထိ အချိန်ဆွဲထားတာကတော့ သူတို့ အာဏာပိုင်တွေအနေနဲ့ ဥပဒေကို သိပါလျက်နဲ့ တမင် ပညာသားပါပါ ကာကွယ်ပေးနေတယ်လို့ မြင်ပါတယ်။

မေး - မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိခြင်းကို လက်တွေ့ခံစားခဲ့ရတဲ့ မိဘတယောက် အနေနဲ့ကော။

ဖြေ - တရားဥပဒေစိုးမိုးမှု စိုးမိုးမှုမရှိတာကို လက်တွေ့ခံရတော့ ကျွန်တော်တို့ တစ်နေ့လုပ်မှ တစ်နေ့စားနေရတဲ့ ကျွန်တော်တို့ ရွာသူရွာသား၊ ကျောင်းသူများ၊ မိန်းမသားတွေအတွက်ပါ၊ ပြည်သူ့ကိုယ်စား မိဘတစ်ယောက်အနေဖြင့် ရင်နာမိပါတယ်။

သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)

မှတ်ချက် - အလိုမတူဘဲ အဓမ္မပြုကျင့်ခံရသူ န၀မတန်းကျောင်းသူနှင့် မိဘနှစ်ဦးမှ တွေ့ဆုံမေးမြန်းခန်း ပြုလုပ်စဉ် ရိုက်ကူးထားသော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များကို အသုံးပြုခွင့် ပေးခဲ့သော်လည်း လူမှုရေးအရ ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများနှင့် စာနယ်ဇင်းကျင့်ဝတ်အရ မဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :