Saturday, March 12, 2016

aung7

ဒုသမ္မတအဖြစ် ရွေးခံရသူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ဆိုတာ ဘယ်သူလဲ...

ရန်ကုန်၊ မတ် ၁၂

အမျိုးသားနှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ တင်သွင်းခဲ့သည့် ဦးထင်ကျော်နှင့် ဦးဟင်နရီ ဗန်ထီးယူတို့အား ဒုသမ္မတ (သမ္မတလောင်း) များ အဖြစ် ရွေးချယ်ခဲ့ချိန်တွင် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ကလည်း လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေအား ဒုသမ္မတ (သမ္မတလောင်း) အဖြစ် မတ်လ ၁၁ ရက်တွင် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

တပ်မတော်အစုအဖွဲ့ ဒုသမ္မတ ဖြစ်လာသူ ဦးမြင့်ဆွေမှာ စစ်တက္ကသိုလ် အပတ်စဉ် DSA-၁၅ ဆင်း စစ်ဗိုလ်တစ်ဦးဖြစ်ကာ အနားယူသွားပြီဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ရင်းနှီးသူဖြစ်ကာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ လုံခြုံရေးအတွက် ဖွဲ့စည်းထားသည့် တပ်မ (၁၁) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
Photo by freedomburma.com
ယင်းနောက် စစ်ရုံးချုပ် စစ်ဦးစီးအရာရှိ General Staff Officerအဖြစ် ခန့်အပ်ခံရပြီး ဗိုလ်ချုပ်မှူးကြီး (ဦး) သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး (ဦး) မောင်အေးတို့၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ယင်းနောက် ရာထူးအဆင့်ဆင့်တက်ကာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ၂၀၀၂ ခုနှစ်တွင် ယုံကြည်ရပြီး ထက်မြက်သည့် အရာရှိများကိုသာ ခန့်ထားလေ့ရှိသည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခံထားခံရသည်။

ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေး အထူးအဖွဲ့ - ကစထ (၅) ကစထမှူးအဖြစ် ခန့်အပ်ခံရကာ ယင်းတာဝန်ယူနေစဉ်အတွင်း အာဏာရှင်ဟောင်း ဦးနေ၀င်းနှင့် မိသားစုအား ဖမ်းဆီးမှုနှင့် ၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် အဖွဲ့အား ဖမ်းဆီးမှုတွင် အဓိက တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်သည်။ ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် သံဃာ့အရေးအခင်းအား အကြမ်းဖက်ဖြိုခွဲရာတွင်လည်း အဓိက တာဝန်ယူ ကိုင်တွယ်ခဲ့သူဖြစ်ကာ ယင်းနှိမ်နင်းမှုမှာ တာဝန်အရ ဆောင်ရွက်ရခြင်းဖြစ်ပြီး မှားယွင်းကြောင်း တင်ပြလာပါက ကြိုးပေးလျှင်ပင် ခံနိုင်ကြောင်း ဦးမြင့်ဆွေက ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

သဘောထား တင်းမာသူဟု နာမည်ထွက်သူ ဦးမြင့်ဆွေမှာ ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ရွေးကောက်ပွဲဝင်ရန်အတွက် တပ်ဘက်မှ အနားပေးခံခဲ့ရပြီး နိုဝင်ဘာလတွင် ရန်ကုန်ုတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆန်ခဲ့သည့်အတွက် နေပြည်တော်၌ ခေါ်ယူ စစ်ဆေးခံခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်ပြီး လုပ်ပိုင်ခွင့်အတွင်းမှ အစွမ်းကုန် လုပ်ဆောင်တတ်သူ ဦးမြင့်ဆွေမှာ ၂၀၁၂ ခုနှစ်တွင် ဒုသမ္မတအဖြစ်မှ အနားယူသွားသည့် သီဟသူရ (ဦး) တင်အောင်မြင့်ဦး နေရာတွင် အစားထိုးရန်အတွက် ဒုသမ္မတအမည်စာရင်း တင်သွင်းခဲ့သော်လည်း ၄င်း၏ သားသမီးတစ်ဦးမှာ ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသည့်အတွက် ကန့်ကွက်ခံရမှုများရှိခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ်သာ ဆက်လက် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦး မြင့်ဆွေရဲ့  သားဖြစ်သူ တာရာမြင့်ဆွေရဲ့  ဇနီးဖြစ်သူ (ဒေါက်တာမြင့်ဆွေနှင့် ဒေါ်ခင်သန်းဝင်းတို့ ၏ သမီးဖြစ်သူ) မှာ သြစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့ (Fairfield City, Syndey, New South Wales State, Australia) မှာ နေထိုင်သူဖြစ်ပြီး သူမသည် ဖီဂျီနိုင်ငံ (Fiji) မှ သြစတြေလျနိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူကာ ဆစ်ဒနီမြို့ သို့  ရွှေ့ ပြောင်းအခြေစိုက်နေထိုင်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် အကျွမ်းတ၀င်ဖြစ်သည့် ဦးမြင့်ဆွေမှာ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူရစဉ်ကာလအတွင်း အစိုးရစီမံကိန်းလုပ်ငန်းများ ချထားပေးခြင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

ဦးဆုံးအနေဖြင့် ရန်ကုန်တစ်ဖက်ကမ်းတွင် ပြုလုပ်မည့် ရန်ကုန်မြို့သစ် စီမံကိန်းအား တရုတ်လူမျိုး ရှောင်ပန်းနှင့် ရှောင်စန်းတို့၏ ကုမ္ပဏီအား လက်သိပ်ထိုး ချပေးလိုက်သည့်ကိစ္စဖြစ်ပြီး မီဒီယာများမှ ၀ိုင်းဝန်း ဖော်ထုတ်ရေးသားကာ အရပ်ဘက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ် အချို့က အကြီးအကျယ် ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းပေးခဲ့ရသည်။

သို့သော် ၂၀၁၅ ခုနှစ်အတွင်းမှာပင် ရန်ကုန်တိုင်းလွှတ်တော်ရှိ ကြံ့ခိုင်ရေးကိုယ်စားလှယ်များဖြင့် ပူးပေါင်းကာ စီမံကိန်း ပြုလုပ်သင့်ကြောင်း အဆိုတင်ကာ ပြန်လည် စတင်ခဲ့သည်။
Photo by myanmartatmadaw.net

ထို့ပြင် ရွှေတိဂုံစေတီတော်အနီး ဒဂုံစီးတီး အိမ်ရာစီမံကိန်းအား ခွင့်ပြုခဲ့သည့်အတွက် ရဟန်း ရှင်လူ ပြည်သူများက ဦးမြင့်ဆွေအား ၀ိုင်းဝန်းကန့်ကွက်ကာ ဆန္ဒဖော်ထုတ်မှုများပါ ပြုလုပ်ခဲ့သည့်အတွက် နောက်ဆုံးတွင် ရပ်ဆိုင်းပေးခဲ့ရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေမှာ ရန်ကုန်တိုင်း လုံခြုံရေးအား ကာလကြာရှည်စွာ ကိုင်တွယ်ခဲ့ရသည့်အတွက် ဆန္ဒပြပွဲများ၊ နိုင်ငံရေးအန်တုမှုများ၊ လူထုအုံကြွမှုများကို ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့သူဖြစ်ပြီး ရုပ်အဆိုးဆုံး အကြမ်းဖက်ဖြိုခွဲမှုအဖြစ် ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒဖော်ထုတ်နေသူများအား လက်ပက်နီဝတ် အရပ်သားများ အသုံးပြုကာ အကြမ်းဖက်ဖြိုခွဲခဲ့မှုမှာ ထင်ရှားသည်။ ယင်းအကြမ်းဖက်မှုနှင့် ပတ်သက်၍လည်း တာဝန်အရ လုပ်ကိုင်ရခြင်းဖြစ်ကြောင်း တာဝန်မဲ့စွာ ပြောဆိုခဲ့သူလည်း ဖြစ်သည်။

ဦးမြင့်ဆွေ ခေါင်းဆောင်သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ မြေယာသိမ်း ဆည်းခြင်း၊ ကျူးကျော်တဲများအား အင်အားသုံး ဖျက်ဆီးခြင်း၊ ဒီိမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အလုပ်သမားများ ဆန္ဒဖော်ထုတ်သူများအား ပုဒ်မမျိုးစုံတပ် ဖမ်းဆီးခြင်းတို့ကြောင့် နာမည်ဆိုးနှင့် ကျော်ကြားနေပြီး အထူးသဖြင့် လက်ပံတန်း အကြမ်းဖက်ဖြိုခွဲခံရစဉ် ဖမ်းဆီးခံရသည့် ကျောင်း သားခေါင်းဆောင်များကို မြို့နယ်ပေါင်းစုံမှ ပုဒ်မမျိုးစုံတပ် တရားစွဲဆိုထားခြင်းအပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လျက် ရှိသည်။

အောက်ချင်းသတင်းအေဂျင်စီ

ကိုးကား - ဧရာဝတီ၊ myanbnews.blogspot.com, ရဲရင့်ငယ်၊ 8888newgenerations.blogspot.com

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :