Saturday, March 12, 2016

aung7

ကလေးမြို့၊ ကြက်ဖနက်ကျေးရွာ ဘုန်းကြီးကျောင်းအပ်ပွဲ၌ လူသတ်မှု ဖြစ်ပွား

ကလေး၊ မတ် ၁၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကြက်ဖနက်ကျေးရွာ ဘုန်းကြီးကျောင်းအပ်ပွဲတွင် အများပြည်သူ ပျော်ရွှင်စေရန်အတွက် ဇာတ်ပွဲကပြနေစဉ် ဓားထိုးမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ဓားဖြင့် ထိုးခံရသူ မောင်ရှမ်းကိုကို (ခေါ်) မောင်ဆိုနီမှာ ကလေးမြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေစဉ် သေဆုံးခဲ့သည်။
အဆိုပါ ကျေးရွာဘုန်းကြီးကျောင်းအပ်ပွဲတွင် ကောင်းဆန်းဟိန်း ဇာတ်အဖွဲ့မှ မတ်လ ၃ ရက်နှင့် ၄ ရက်၊ နှစ်ညတိုင် ကပြခဲ့ရာ မတ်လ ၄ ရက် ည ၉ နာရီခွဲခန့်တွင် ကလေးမြို့နယ်၊ ကံကြီးရွာမှ မောင်ရှမ်းကိုကို (ခ) မောင်ဆိုနီ (အသက် ၂၃ နှစ်) မှာ ဇာတ်ပွဲကြည့်နေစဉ် အမည်မသိသူတစ်ဦး (စုံစမ်းဆဲ) က ၀မ်းဗိုက်နံဘေးအား ဓားဖြင့် ထိုးခဲ့ခြင်းကြောင့် ကလေးပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူခဲ့သော်လည်း မတ်လ ၅ ရက်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

“သားလေးရဲ့ ဓားဒဏ်ရာက သွေးထွက်လွန်ပြီး သွေးပေါင်အလွန်ကျနေ တာကြောင့် ချက်ချင်း ခွဲခန်းကို ၀င်မရခဲ့ပါဘူး။ သွေးလိုက်ရှာပြီး သွေး သွင်းခဲ့ရပါတယ်။ သားလေးက သတိမလစ်ခဲ့ပါဘူး။ သူ့ကို ဘယ်သူက ဓားနဲ့ ထိုးသွားတယ်ဆိုတာ သူမသိခဲ့ပါဘူးလို့ ပြောပြပါတယ်။ နောက်နေ့ ၁၀ နာရီလောက်မှာ မှိန်းပြီး အိပ်ပျော်သွားရာက ပြန်မနိုးတော့တာပါရှင်” ဟု မိခင်ဖြစ်သူ ဒေါ်သိန်းရီက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

စစ်ဆေးမှုအရ မောင်ရှမ်းကိုကို၏ ခန္ဓာကိုယ်၌ ဓားဒဏ်ရာ တစ်ချက်သာ တွေ့ရှိရပြီး အကျယ် သုံးလက်မခန့် ရှိကာ ယင်းဒဏ်ရာဖြင့် သွေးထွက်လွန်၍ အချိန်မီ မကုသနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းလူသတ်မှုနှင့်ပတ်သက်၍ ကလေးမြို့၊ စခန်းကြီးရဲစခန်းသို့ လူသတ်မှု ပုဒ်မ ၃၀၂၊ ပ နံပါတ် ၅၉/၂၀၁၆ ဖြင့် အမှုဖွင့်ထားပြီး “လောလောဆယ် တရားခံကတော့ လိုက်လံစုံစမ်းဆဲပဲ ရှိတာပေါ့။ တရားခံက ပေါ်လာမှာပါ။ သူ့ကို ထိုးတဲ့ ဓားကတော့ ပေါင်မုန့်လှီးတဲ့ ဓားမျိုး မဟုတ်ဘူး။ တော်တော်ကြီး တဲ့ ဓားမျိုး။ အခုက လိုက်နေတုန်းပဲ” ဟု စခန်းကြီးရဲစခန်းမှ တပ်ကြပ်ကြီးစာရေး ဦးအိုက်ထန်းက အောက်ချင်းသတင်းအေ ဂျင်စီသို့ ပြောသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သံသယရှိသူ ကြက်ဖနက်ကျေးရွာသား မောင်ဖိုးသား (အသက် ၂၃ နှစ်) ခန့်အား ခေါ်ယူစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရပြီး လူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးဆဲကာလအတွင်း ရွာအတွင်းမှ လူငယ်များအနေဖြင့် ရပ်ဝေးခရီးထွက်ခြင်းများ မပြုလုပ်ကြရန် အာဏာပိုင်များက ပြောဆိုထားမှုကြောင့် အခြားမြို့နယ်များတွင် သွားရောက် အလုပ်လုပ်ကိုင်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။

သုတဟိန်း (အောက်ချင်း သတင်းအေဂျင်စီ)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :