Thursday, March 3, 2016

aung7

ဆေးလိပ်နှင့် အရက်ကြော်ငြာများ မန်းသင်္ကြန်တွင် ခွင့်မပြု

ရန်ကုန်၊ မတ်လ ၃

ဧပြီလအတွင်း ကျရောက်တော့မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်တွင် မဏ္ဍပ်ဆောက်လုပ် ရေကစားလိုသူများအနေဖြင့် မိမိတို့၏ မဏ္ဍပ်များတွင် ဆေးလိပ်နှင့် အရက်ကြော်ငြာများကို ချိတ်ဆွဲခြင်း၊ ကပ်ထားခြင်းများ မပြုလုပ်ရန် မန္တလေး စည်ပင်သာယာရေးကော်မတီက စည်းကမ်းချက်အဖြစ် ထုတ်ပြန်ထားသည်။

အလှပြနှင့် ရေကစားမဏ္ဍပ်များအနေဖြင့် မဏ္ဍပ်များတွင် စီးပွားရေးကြော်ငြာများဖြစ်သည့် စီးကရက်၊ ဆေးလိပ်၊ ဘီယာ၊ အရက်ကြော်ငြာများကို မပြုလုပ်ရန် တားမြစ်ထားသည့်အပြင် အဆိုပါ ပစ္စည်းများကိုလည်း မဏ္ဍပ်တွင် ရောင်းချခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖေဖော်ဝါရီလ ၂၉ ရက်က ပြုလုပ်ခဲ့သည့် မန္တလေးမြို့တော် ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ချမှတ်ထားသည့် စည်းကမ်းချက်များတွင် မဏ္ဍပ်ဆောက်လုပ်လိုသူများသည် ကျုံးပတ်လည်အမှ အပ မြို့တွင်းရှိ မဏ္ဍပ်များသည် လမ်းဆုံများနှင့် ၂၅ ပေအကွာ ဆောက်လုပ်ကြရန်၊ လေ အိုးသုံး ရေပိုက် Pressuer Pump, မီးသတ်ပိုက်များဖြင့် ရေကစားခြင်း မပြုလုပ်ရန်၊ Nozzle ခေါင်း ၁၀၀ ထက်မပိုသော၊ အချင်း ၃/၈” ထက် မကြီးသော ရေပိုက်ခေါင်း ၁၀၀ ထက် မပိုရန်လည်း ပါရှိသည်။

ပွဲတော်ရက်အတွင်း ရေကစားချိန်အား နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ ညနေ ၃ နာရီမှ ညနေ ၆ အထိသာ ရေကစားရန်လည်း သတ်မှတ်ထားပြီး ရေကစားမဏ္ဍပ်များတွင် သရုပ်ပျက် ၀တ်စားဆင်ယင်ခြင်း၊ အလှပြမဏ္ဍပ်တွင် ရေကစားခြင်းများ မပြုလုပ်ရန် ကန့်သတ်ထားသည်။ ထို့ပြင် လုံခြုံရေးအတွက် မဏ္ဍပ်များတွင် စောင့်ကြည့်ရေးကင်မရာ CCTV များ တပ်ဆင်ထားရန်လည်း ညွှန်ကြားထားသည်။

မဏ္ဍပ်များတွင် မဟာသင်္ကြန်သီချင်းများဖြင့် သီဆိုဖျော်ဖြေရာတွင်လည်း နိုင်ငံနှင့် အစိုးရ၏ ဂုဏ်သိက္ခာအား ထိခိုက်စေသော ရေးသားသီဆိုမှုများ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအား ပျက်ပြားစေမည့် ရေးသားသီဆိုမှုများ မပြုလုပ်ရန် ထုတ်ပြန်ထားပြီး ကျူးလွန်ခဲ့ပါက မန္တလေး စည်ပင်သာယာရေးကော်မတီ၏ တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အောက်ချင်း သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :