Tuesday, February 23, 2016

aung7

ကျွန်တော်တို့ ပြည်သူတွေ ယဉ်ယဉ်ကျေးကျေး တော်လှန်နိုင်ပြီ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခရိုင်ဥက္ကဋ္ဌ ဦးဘမင်းနှင့် စကားစမြည် (၂)


အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ ကလေးမြို့ဆိုတာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းရဲ့ နယ်နိမိတ်ဖြစ်သလိုအဲဒီဒေသမှာ မြန်မာတိုင်းရင်းသားတွေ အပြင် ချင်းတိုင်းရင်းသား အများစုလည်း စုပေါင်းနေထိုင်ကြတဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။ ကလေးမြို့ဟာ ခရိုင်မြို့ဖြစ်ပေမယ့်လမ်းပန်းဆက် သွယ်ရေး အခက်အခဲကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတဲ့ ဒေသ လည်းဖြစ်သလို ဘာသာရေး ကွာခြားမှု၊ ယဉ်ကျေးမှု မတူညီမှု၊ ရပ်တည်မှုခြင်း မတူညီမှုတွေဟာ ဒေသအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် အခက်အခဲတစ်ရပ် ဖြစ်လာနိုင်သလို ဒေသခံပြည်သူတွေရဲ့ အသိပညာ ရေချိန် မြှင့်တင်ဖို့လည်း လတ်တလော လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဥက္ကဋ္ဌ ဦးဘမင်းနဲ့ နိုင်ငံရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်လို့ အောက်ချင်း သတင်းအေဂျင်စီက သွားရောက် တွေ့ဆုံမေးမြန်းခဲ့တာကို ပြန်လည် တင်ပြလိုက်ပါတယ်။


စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခရိုင်ဥက္ကဋ္ဌ ဦးဘမင်း
မေး - မူအရ သွားပေမယ့်လည်း ဒါကို မသိတော့ ဗမာ ကြီးစိုးရေးဝါဒ လုပ်တယ်ဆိုပြီး ကြားနေရတာ ကလေးမြို့တင် မဟုတ်ပါဘူး။ နိုင်ငံအနှံ့ ကြားနေရတာပေါ့။ ဒီပြဿနာ ပြေလည်ဖို့ဆိုရင် Sector တွေက အများကြီး ရှိ တယ်။ လူတွေရဲ့ အသိပညာရေချိန် မြင့်လာမှသာလျှင် ဒီပြဿနာကို ခွဲထုတ်နိုင်မယ်လို့ မြင်မိတယ်။ ဒါမျိုး အသိပညာ မြင့်ဖို့အတွက်လုပ်ဖို့ကိုကော စီစဉ်တာတွေ ရှိပြီလား။

ဖြေ - ကျွန်တော်တို့ ခရိုင်အတွင်းမှာတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံးပေါ့နော်။ကျွန်တော် ဖြတ်သန်းခဲ့တဲ့တစ် လျှောက်လုံးမှာတော့ ယဉ်ကျေးမှုချင်းလည်း တိုက်ခိုက်မှုမဖြစ်အောင်၊ နောက် လူမျိုးစုအချင်းချင်းလည်း တိုက်ခိုက်မှုမဖြစ် အောင်၊ တူညီတဲ့ နိုင်ငံရေးအသိ ရှိလာအောင်၊ အရေးအကြီးဆုံးက နိုင်ငံရေးအသိပဲ။ ကျွန်တော်က အစ်မကြီးဒေါ်အောင်ဆန်း စုကြည်ပြောပြောနေတဲ့ ဦးစားပေးကိုက ကျွန်တော်နဲ့ သိပ်အဆင်မပြေဘူး အယူအဆအရ။ ဘာပညာတတ် ဦးစားပေး၊ အမျိုး သမီးဦးစားပေး၊ လူငယ်ဦးစားပေး ကျွန်တော့်မှာမရှိဘူး။ ကျွန်တော့်ရဲ့ အယူအဆက ဒီလူဟာ နိုင်ငံရေးကို ဘယ်လောက်ထိ သိသလဲ။ ဒီလူကနိုင်ငံရေးကို သိပြီး ဘယ်လောက်အထိ မိမိနဲ့ မိမိဝန်းကျင်ကို နိုင်ငံရေး သဘောတရားမျိုးစေ့တွေ ဘယ်လောက် အထိ ချပေးနိုင်သလဲ။ အဲဒီလိုလူကိုပဲ ကျွန်တော်က ဦးစားပေးရမယ်။ ဒါမှ ရေရှည်မှာ ကျွန်တော်တို့ တိုင်းပြည်က ကောင်းမှာ။ ထားပါတော့ ကျွန်တော်တို့ သိပ္ပံပညာ တတ်တဲ့သူတွေ၊ ၀ိဇ္ဇာပညာတတ်တဲ့သူတွေ သူ့နေရာနဲ့သူ ခိုင်းမှာပဲ ရှိတာလေ။ နိုင်ငံရေးမှာတော့ နိုင်ငံရေးလိုကို သိမှ။ နိုင်ငံရေးလို အနစ်နာခံလိုစိတ် ရှိမှ။ အဲဒီတော့ ညစ်ထေးတဲ့ နိုင်ငံရေးသမားတွေ ၀င်လာရင် တော့ ဒီပြဿနာ ဖြစ်မှာပဲ။ ဒါ ပညာတတ်တာ၊ မတတ်တာနဲ့ မဆိုင်ဘူး။ သူ့ရဲ့ ပင်ကိုယ် အခြေခံ မိမိတိုင်းပြည်အတွက် မိမိကိုယ်ကို စွန့်လွှတ်ပြီး စွန့်စားပြီး အနစ်နာခံလိုစိတ်ရှိတဲ့သူတွေ။ ပြီးတော့ မိမိရဲ့ ဒေသအကြောင်း၊ မိမိရဲ့ နိုင်ငံအကြောင်း၊ နောက်တစ်ခါ မိမိပတ်ဝန်းကျင် Local ပေါ့နော်။ ပထ၀ီနိုင်ငံရေးကိုလည်း သိတဲ့သူတွေ။ အဲဒီလိုလူတွေ အများကြီး ပါရမယ်။ အဲဒီလိုပါမှ ကျွန်တော်တို့က ထိန်းသိမ်းနိုင်မှာ။ ကျွန်တော် ထောင်ထဲမှာ နေစဉ် ဒီစိတ်ဖိစီးမှုကို တစ်လျှောက်လုံး ခံစားခဲ့ရတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ ကြားမှာ။ တိုင်းရင်းသား လူမျိုးတွေကလည်း ဗမာ မကောင်းဘူး၊ ဗမာလူမျိုးကြီးဝါဒ သုံးတယ်၊ သူတို့ က ဒီလို ထင်ထားတယ်။ ကျွန်တော်တို ဗမာတွေက လည်း ပေးမသိဘူး။ ဒီကောင်တွေ ဘာသိတာ မှတ်လို့ဆိုတာ တွေးတယ်။ ဒါတွေက တစ်ယောက်နဲ့ တစ်ယောက်ပေါ့နော်။ ကျွန်တော် နေခဲ့တဲ့ ထောင် ထဲတစ်လျှောက်လုံးမှာ ဒါ သဘောတရား မရင့်ကျက် ကြတာ။ ကျွန်တော်ဆို တစ်ခါတစ်လေ ပြောမိတယ်။ ဥပမာ ကချင်ပြည်နယ်ဆိုရင် ခင်ဗျား တောထဲမှာ နေရင် အသတ်ခံရမှာ။ ကျွန်တော်က အယူအဆတစ်ခုကို လွှင့်ရမှာ တော်တော်လေး နှမြောတာပေါ့နော် ကိုယ့်အယူအဆတစ်ခုကို။ ကျွန်တော်က ဘာကို သွားပြောသလဲဆိုတော့ ကျွန်တော်တို့လို့ ဒီတိုင်းပြည်က လက်နက်ကိုင်တွေ ချုပ်ငြိမ်းအောင် လုပ်နိုင်မှ အမျိုးသားပြန်လည် သင့်မြတ်ရေးက တကယ်ဖြစ်မှာ။ စိတ်ဝမ်းကွဲမှုတွေက အဲဒီကျမှ တကယ် စေ့စပ်ညှိနှိုင်းလို့ ရမှာ။ လက်နက်ကိုင်တွေ ရှိနေသရွေ့ လက်နက်ကိုင်ရှိတာ နှစ်ဖက်စလုံးအတွက် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ဥပမာ တောတွင်းကလည်း အစိုးရဒေါက်တိုင်ဆိုရင် ဘာမှ လုပ်မနေဘူး၊ ခေါ်သတ်ပစ်တာတို့။ ဒီအစိုးရကလည်း ဒါက သူလျှိုဒလံဆိုရင်၊ ဟုတ်ချင်လည်း ဟုတ်မယ် ဟုတ်ချင် မှလည်း ဟုတ်မယ်။ သူတို့အချင်းချင်းကြားမှာ ကျွန်တော် ကြီးပြင်းခဲ့ရတဲ့ နေရာက ပြည်တွင်း စစ်နေရာမှာ ကြီးပြင်းခဲ့ရတာဆို တော့ ဒီစစ် အကြောင်းကို ကျွန်တော် သိတယ်။ အဲဒါလည်း ကျွန်တော်က တိတိကျကျ မီလိုက်တာတော့ မဟုတ်ဘူး။ မီးလင်းဖို သမိုင်းကြောင်းပေါ့ဗျာ။ ဆောင်းအခါမှာ မီးလှုံရင်း၊ ရေနွေးအကြမ်းဝိုင်းမှာ လုပ်ရင်းနဲ့ ပြည်တွင်းစစ်ကာလ ပြည်သူ့ ရဲဘော်နဲ့၊ အလံနီနဲ့ ဘာနဲ့ အစိုးရနဲ့ ပစ်ကြခတ်ကြရင်းနဲ့ ကျွန်တော်တို့ လူတွေ ဘယ်လောက် စတေးခဲ့ကြရတယ်။ ဘယ်လောက် မလုံခြုံ ခဲ့ကြသလဲဆိုတာ ကျွန်တော် သိတယ်။ သိတဲ့အခါကျတော့ စစ်အကြောင်းကို ကျွန်တော် ကောင်းကောင်းသိတယ်လို့ ပြောရ မယ်။ ဒါကြောင့်မို့ ကျွန်တော်က ရေရှည် သွားဖို့အတွက်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ ခေါင်းဆောင်တွေအားလုံး တပ်မတော်ကော၊ ဟိုဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေကော၊ နိုင်ငံရေးအင်အားစုတွေကောက အမှန်တကယ်ပဲ ပြည်တွင်းငြိမ်းချမ်းရေးက လိုအပ်နေပြီဆိုတာ သိပြီးတော့မှ နှစ်ဖက်စလုံး အလျော့အတင်းလုပ်နိုင်ရမယ်။ ဒီလို မလုပ်နိုင်သရွေ့ကတော့ လူမျိုးရေးမုန်းတီးမှုကလည်း ပပျောက်နိုင်မှာ မဟုတ်ဘူး။ စစ်တပ်ကလည်း သူ အင်အားကောင်းစဉ်အခါတုန်းက ဆိုရင် သိပ်ညစ်ပတ်တာကိုး။ ချင်းမနဲ့ ဗမာစစ်ဗိုလ်နဲ့ ယူရင် ရာထူးတိုး မပေးတော့တာတို့ ဘာတို့။ အမှန်က ကျွန်တော်တို့လည်း ခံနေရတာ ဒါ ကျွန်တော် နားလည်သလောက်ပြောရရင်။ တိုင်းရင်းသားလူမျိုးများကလည်း စစ်ဖြစ်လို့ သူတို့ စစ်ဘေးစစ်ဒဏ် ခံရတယ်။ အဖမ်းအဆီး အရိုက်အနှက်ကတော့ ကျွန်တော်တို့ ဗမာတွေ အများဆုံး ခံရတယ်။ ဘာလို့ ဆိုတော့ ကျွန်တော်တို့က နေပြည်တော်နဲ့ နီးတာကိုး။ နေပြည်တော်ကို တော်လှန်တဲ့ အုပ်စုနဲ့ နီးတာကိုး။ ကျွန်တော်တို့က ပိုပြီး ခံရတယ်။ တိုင်းရင်းသား ၃၊ ၄ ယောက် ဖမ်းရင် ဗမာ ၁၀၀ လောက်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေက အဲဒါကို မသိနိုင်ဘူး။ သိပ်ပြီး မမြင်နိုင်ဘူးပေါ့နော်။ ဘာလို့ဆိုတော့ သူတို့ဆီက ဒီလိုမြင်နိုင်အောင် ကြည့်နိုင်ဖို့လည်း စာပေပညာရော၊ နိုင်ငံရေး ပညာကော၊ နှစ်ခုစလုံးက အားနည်းနေတာကိုး။ ဒါကြီးက ပျောက်ပျက် သွားအောင်ဆိုရင်တော့ ပြည်တွင်းစစ်ကို နှစ်တိုတိုနဲ့ ချုပ်ငြိမ်းအောင် လုပ်နိုင်ဖို့ လိုပါတယ်။

ရေရှည် သွားဖို့အတွက်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ ကျွန်တော်တို့ ခေါင်းဆောင်တွေအားလုံး တပ်မတော်ကော၊ ဟိုဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေကော၊ နိုင်ငံရေးအင်အားစုတွေကောက အမှန်တကယ်ပဲ ပြည်တွင်းငြိမ်းချမ်းရေးက လိုအပ်နေပြီဆိုတာ သိပြီးတော့မှ နှစ်ဖက်စလုံး အလျော့အတင်း လုပ်နိုင်ရမယ်။ ဒီလို မလုပ်နိုင်သရွေ့ကတော့ လူမျိုးရေးမုန်းတီးမှုကလည်း ပပျောက်နိုင်မှာ မဟုတ်ဘူး...
မေး - နောက်တစ်ခုကတော့ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးပေါ့။ ဥပမာ ဇီးချောင်းက မီးပေးပေမယ့် တကယ်တမ်းတော့ အစိုးရအတွက် ဖြစ်နေတယ်။ လူတွေက မသုံးရဘူး။ နောက်ပြီး မြို့ထဲကို ကြည့်ရင်လည်း စာအုပ်ဆိုင် ဆိုတာ နှစ်ဆိုင်၊ သုံးဆိုင်ထက်ကို မပိုဘူး။ ခုနက အန်ကယ်ပြောခဲ့သလို စာတွေ ဖတ်မှ သိလာမှာလေ။ ဒါပေမဲ့ ဒီဘက်အပိုင်း မှာ အဲဒါတွေက အားနည်းလာတယ်။ ဒီတော့ အန်ကယ်တို့ ပါတီအနေနဲ့ စာပေဟောပြော ပွဲတွေ လုပ်ဖို့၊ စာကြည့်တိုက် တွေ ဖွင့်ဖို့ စတာတွေကတစ်ဆင့် ဖွံ့ဖြိုးရေးတွေ လုပ်ဖို့လိုတယ်ဆိုရင် ဘယ်လိုဟာကို အဓိကထား လုပ်စေချင်သလဲ။

ဖြေ- ကျွန်တော် စဉ်းစားမိသလောက်ပေါ့နော်။ ၂၊ ၃၊ ၄ ရွာလောက်တော့ ကျွန်တော် နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာပေတွေ၊ နောက်တစ်ခါ ပညာရေးနဲ့ပတ်သက်တဲ့စာပေတွေ၊ နောက် ရသစာပေတွေ၊ ဒီစာပေသုံး၊ လေးမျိုးလောက်ကို ရွာတိုင်း ရွာတိုင်း နေရာ တိုင်းမှာ ရောက်အောင် ပါတီအနေနဲ့လည်း တာဝန်ယူလုပ်ပေးဖို့ လိုအပ်တယ်လို့၊ ဒါ လုပ်ပေးရမယ်ပေါ့နော်။ အခု ကျွန်တော်တို့က မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ လုပ်ပေးဖို့တော့ ကျွန်တော်တို့မှာ ရည်ရွယ်ချက် ရှိတယ်။ တချို့ရွာတွေမှာဆိုရင် လည်း အခု အရင်ထက် နည်းနည်းလေး တိုးတက်လာတာပေါ့နော်။ လေး၊ ငါး၊ ဆယ်နှစ်လောက် ရှိသွားပြီ ထင်ပါတယ်။ ကျွန် တော်တို့ဆီမှာဆို စာကြည့်တိုက်ကလေး တစ်ခု ရှိလာတဲ့အတွက် လူငယ်တော်တော်များများဟာ စာကြည့်တိုက်ကို မီပြီး ဗဟုသုတ တော်တော်ရလာတယ် လို့ ပြောလို့ရပါတယ်။ ဒါ အရင်ထက် စာရင်ပေါ့နော်။ ကျွန်တော်တို့ ထင်သလောက်ကြီးတော့ မဟုတ်သေး ဘူးပေါ့နော်။ ဒါပေမဲ့ အရင်တုန်းက လူငယ်တွေထက်စာရင် စာကြည့်တိုက်ကို သွားကြ၊ ထွက်ကြ၀င်ကြတဲ့ ကောင်ကလေးတွေကတော့ တော်တော်လေး ဗဟုသုတ ရှိလာတယ်။ စကားပြောရတာ ပိုအဆင်ပြေလာတယ်လို့ ထင်တယ်။ ရေချိန် မြင့်လာတာပေါ့။ ဒါကတော့ ရေရှည်သွားရမယ့် ကိစ္စပေါ့နော်။ ရေရှည်လုပ်ရမှာပေါ့။ အခုန ပြောတဲ့ ဖွံ့ဖြိုးရေးနဲ့ ပတ်သက် လို့က တော့ ဒါကတော့ ကျွန်တော်တို့က ကျွန်တော်တို့ ဖြစ်ချင်တာ၊ ကျွန်တော်တို့ ဒေသမှာ ဖြစ်နေတဲ့ အခြေအနေအမှန်အတိုင်း ဗဟိုကို အစီရင်ခံစာ တင်နိုင်ဖို့ လိုတယ်။ ဗဟိုကလည်း အစိုးရအဖွဲ့ကနေပြီး ဒီဘက်ဂျက်တွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် စီမံခန့်ခွဲပြီး သုံးနိုင်တယ် ဆိုရင်တော့ ဒါဟာ နှစ်တိုအတွင်းလောက်မှာ ဒီဖွံ့ဖြိုးတိုးတက်မှုက ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ ဗဟိုကတော့ စီမံခန့်ခွဲမှု က ကောင်းရမှာပေါ့နော်။ ဒါ ကျွန်တော်တို့ ဒီဒေသကတော့ မတတ်နိုင် ဘူးပေါ့။ လျှပ်စစ်မီးရဖို့ ဘာရဖို့ဆို အခုတော့ ကြိုးတော့ ကြိုးစားနေကြတာပေါ့။ သို့သော် ကျွန်တော်က ဒီဘက်ဂျက်တွေကို သွားသွားပြီး လေ့လာတဲ့အခါမှာ ဘာ သွားတွေ့ရသလဲဆိုတော့ စစ်အသုံးစရိတ်က လွဲရင် ကျန်တဲ့ဘက်ဂျက်တွေက တအားကြီး နည်းလွန်းတာကို တွေ့ရတယ်။ ဒါလည်း ပြည်တွင်းစစ်ပြဿနာ ပဲ။ ကျွန်တော်တို့က ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်မှုထက် ကိုယ့်အချင်းချင်းသတ်တဲ့စရိတ်က ပိုကြီးနေတာ။ ဒါကြီးကို ချုံ့ပစ်နိုင်မှ။

အခု ပြီးသွားတဲ့အစိုးရတုန်းကလည်း ကျွန်တော်တို့ သဘောမကျတာတွေ ရှိတယ်။ ငါတို့ကို ထောက်ခံရင် ဘာတွေ ပေးမယ်၊ တစ်ရွာချင်းအလိုက် သွေးခွဲစည်းရုံးတဲ့စနစ်လို ဖြစ်နေတယ်။ အဲဒီကျေးရွာက ဘာတွေလိုအပ်သလဲ။ ဘက်ဂျက်ခွဲတမ်းကျရင် တစ်ရွာချင်းအလိုက် ဘယ်ရွာဆိုရင် ဘယ်လောက်၊ ဘယ်ရွာဆိုရင် ဘယ်လောက်၊ ဘယ်အ တွက် ဘယ်လောက်ဆိုတာမျိုး ရှိရမယ့်အစား ငါတို့ကို ထောက်ခံတဲ့သူမှ ဒါရမယ်ဆိုတဲ့ဟာမျိုး။ ဒီစိတ်ဓာတ်တွေက ကျွန်တော် တို့မှာ မပြောင်းနိုင်ဘူးပေါ့။ ကျွန်တော်တို့ ရွာသားတွေကလည်း အဲဒီလိုပဲ။ ငါတို့နဲ့ ရင်းနှီးတဲ့သူ လူကြီးဖြစ်မှ ငါတို့ရမယ်။ အဲဒီ အတွေးအခေါ် ရှိနေသေးသရွေ့ တိုးတက်မှုလမ်းကြောင်းကို အဟန့်အတားဖြစ်တယ်။ အဲဒီဟာတွေ ကို ပြောင်းသွားအောင်၊ ဒီစိတ်ဓာတ်တွေ ပြောင်းသွားအောင် လုပ်နိုင်တာကတော့ နိုင်ငံရေး ပါတီများပဲ။ နိုင်ငံရေးပါတီများရဲ့ ခေါင်းဆောင်များက ဒီ မှန်ကန်တဲ့ သဘောတရားနဲ့၊ မှန်ကန်တဲ့ အခြေအနေတွေ ပြန်လည်ရှင်းပြနိုင်ဖို့ လိုအပ်တယ်။ အဲဒါဆိုရင်တော့ တော်တော်လေး တိုးတက်လာမယ်လို့ ထင်ပါတယ်။

မေး - ပြုလွယ်ပြောင်းလွယ်ဖြစ်အောင် လုပ်ဖို့ တစ်ဖက်က အများကြီး ရှိသေးသလို ပညာရေချိန် မြင့်တက် အောင်လုပ်ဖို့ကလည်း အများကြီး ရှိသေးတယ်ပေါ့။ NLD က လုပ်တယ်မလားး အမှိုက်ကောက်တဲ့ကိစ္စ။ အဲဒီကိစ္စမှာဆိုရင် တချို့က အမှိုက်ကောက်ခိုင်းဖို့ မလိုဘူး၊ အမှိုက်မပစ်ဖို့က အရေးကြီးတယ်။ အဲဒါကို ပညာပေးရမယ်ဆိုတဲ့ဟာမျိုး။ အဲဒီတော့ အန်ကယ်တို့ ပါတီအနေနဲ့ ဘက်နှစ်ဘက်နဲ့ အလုပ်လုပ်နေရတယ်။ တစ်ဖက်က ပြည်သူ၊ တစ်ဖက်က လက်ရှိ အာဏာယူထားဆဲသူများပေါ့။ အဲဒီဘက်နှစ်ဘက်မှာ ဘယ်သူက ကိုင်တွယ်ရ အခက်ဆုံးဖြစ်ပြီး သူတို့အတွက် ဘာတွေ လုပ်ပေးချင်သလဲ။

ဖြေ - ကျွန်တော်တို့က ပြည်သူနဲ့ ဆက်ဆံရတာ အခက်အခဲဆုံးပဲ။ ပြည်သူ အရည်အချင်းမြင့်မှသာ။ ပြည်သူကသာ တကယ် အရည်အချင်းမြင့်လာရင် စစ်တပ်က ကျွန်တော်တို့ကို အလို အလျောက်ကို လေးစားလာရမှာ။ ပြည်သူကို သူက ကိုင်နိုင်နေသေးသရွေ့။ ကျွန်တော်တို့ကမှ ပြည်သူကို ကိုင်တာ မဟုတ်ဘူး။ စစ်တပ်က လည်း ပြည်သူကို ကိုင်တာ။ ကျွန်တော် တို့ကလည်း ပြည်သူကို အားကိုးရ တာ။ အဲဒီတော့ ပြည်သူကသာ အရည်အချင်း မြင့်လာရင်၊ မြင်တတ်လာရင် စစ်တပ်က အလို အလျောက် လဲကျသွားမှာ။ အခုက ပြည်သူက အတော်ကြီးကို အရည်အချင်းမြင့်လာလို့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ခေါ်ပြီး တွေ့ဆုံရတယ်၊ ညှိနှိုင်းရတယ်။ ဘားဂိမ်း လုပ်ရတာပေါ့။ ကျွန်တော်တို့ လိုချင်တာ အကုန်လုံး ရနိုင်မှာတော့ မဟုတ်ဘူးပေါ့။ တကယ်လို့ အဲဒီထက် အဲဒီထက် ပိုပိုပြီး ပြည်သူကို အရည်အချင်းမြင့်တက်အောင် လုပ်ပေးနိုင်ရင် စစ်တပ်ဆိုတာ အလိုအလျောက် သွားမယ့်သဘော။ နောက်ဆုတ်သွားရမှာပဲ။ ကျွန်တော်က အဲဒီလိုမျိုး ယူဆတယ်။ တစ်ချိန်လုံး သူတို့ ကျွန်တော်တို့ကို ကိုင်တွယ်နိုင်ခဲ့တာဟာ ပြည်သူကို မျက်စိပိတ်၊ နားပိတ်ပြီး မသိအောင် လုပ်ပြီးတော့မှ၊ တစ်နည်းအားဖြင့် ကြောက်အောင် လုပ်ပြီး၊ တစ်နည်းအားဖြင့် အကျင့်ပျက်အောင်လုပ်ပြီး၊ ပညာမတတ်အောင် လုပ်ပြီး အုပ်ချုပ်ခဲ့တာ။ အဲဒါကို ကျွန်တော်တို့က လမ်းဖွင့်ပေးနိုင်ရင်၊ ဒါ အခု ကျွန်တော် တော်တော် အားရတယ်။

ပြည်သူကို ဘာအားရလဲဆိုတော့ ကျွန်တော် တို့ တစ်ချိန်လုံး စစ်အစိုးရရဲ့ နည်းမျိုးစုံနဲ့ တိုက်ခိုက်ချက်ထဲမှာ အပြင်းထန်ဆုံးတိုက်ပွဲတစ်ခု။ မကြာသေးခင်ကပဲ မဘသ ဆိုတာ ကြုံလိုက်ရတယ်။ ဒါ အပြင်းထန်ဆုံး တိုက်ခိုက်မှုပဲ။ သူတို့ကတော့ ဘုန်းကြီးတွေက တိုက်ခိုက်တယ် လို့ ပြောပေမယ့် ဒါ တကယ်တမ်းက အစိုးရရဲ့ လျှို့်ဝှက်စီမံချက်တွေထဲက တစ်ခုပါ။ ဒါပေမဲ့ ပြည်သူက အဲဒါကို ကျော်ဖြတ်သွားနိုင်တယ်။ ကျွန်တော် တောင်မှတောင် တချို့နေရာတွေဆို ရ ရနိုင်ပါ့မလား၊ ဘာကြောင့်လဲဆိုတော့ လူက ဘာသာရေးမှိုင်းမိသွားရင် သိပ်မလွယ်ဘူးဗျ။ ဒါပေမဲ့ ပြည်သူက အဲဒါကို လွတ်အောင် ရုန်းတာ။ ဒါကြောင့်လဲ ကျွန်တော်တို့က မဲကို အပြတ်အသတ် ရတာကိုး။ အဲဒါ ကြောင့်လည်းပဲ စစ်တပ်က သူတို့ လုပ်ခဲ့တဲ့အလုပ်တွေ သူတို့ သိတာပဲ။ ကျွန်တော် ဒီမှာ ဟောပြောပွဲတွေမှာဆို ခဏခဏ ပြောတယ်။ ဘာသာရေး အထိကရုဏ်းတွေဆိုတာကို စစ်တပ်ရှိတဲ့နေရာမှာ ပိုပြောတယ်။
ဦးသိန်းစိန်တို့ လုပ်တာပဲ။ ဦးသိန်းစိန်က ၁၉၈၈ တုန်းကလည်း လုပ်တယ်။ ဒီမှာ တပ်ရင်းမှူးဖြစ်တုန်းက။ သုံးတင်းဝင်အိတ်နဲ့ သုံးလုံးဆန့်တဲ့ ကုလား- ဗမာ အထိကရုဏ်းစာတွေ ဖြန့်တယ်။ ဖြန့်ပေးရတဲ့သူတွေ ရှိတယ် ဒီမှာ။ သက်သေလိုက်မယ့်သူတွေ ရှိတယ်။ အဲဒီတုန်းကတော့ သူတို့က မှားပြီး လိုက်ခဲ့ကြတာ...
ဒီအလုပ်က ဦးသိန်းစိန်တို့ လုပ်တာပဲ။ ဦးသိန်းစိန်က ၁၉၈၈ တုန်းကလည်း လုပ်တယ်။ ဒီမှာ တပ်ရင်းမှူးဖြစ်တုန်းက။ သုံးတင်းဝင်အိတ်နဲ့ သုံးလုံးဆန့်တဲ့ ကုလား- ဗမာ အထိကရုဏ်းစာတွေ ဖြန့်တယ်။ ဖြန့်ပေးရတဲ့သူတွေ ရှိတယ် ဒီမှာ။ သက်သေလိုက်မယ့်သူတွေ ရှိတယ်။ အဲဒီတုန်းကတော့ သူတို့က မှားပြီး လိုက်ခဲ့ကြတာ။ နောက်ပြီးကျတော့ သူတို့ သိသွားပြီ။ ဒီလူတွေ ကျတော့ ပြောလို့ မရတော့ဘူး။ အခုဆို ဘာသာရေးဆို အစိုးရက လုပ်တာ။ ငါတို့ ကိုယ်တိုင် လုပ်ခဲ့ဖူးတယ်။ သုံးတင်းဝင်အိတ်နဲ့ သုံးလုံး ဖြန့်တာ တစ်နယ်လုံးကို။ ၁၉၈၈ မှာ။ နိုင်ငံရေး အကျပ်အတည်း ကြုံတိုင်း ကြုံတိုင်း ဒီလူတွေက အဲဒီလို လုပ်တဲ့ အလေ့အကျင့်ရှိတယ်။ ပြည်သူကလည်း ဘာပဲ ပြောပြော အမျိုးထိ မချိအောင် နာ ဆိုတာက ရှိတာကိုးဗျ။ ဒါ သာမန်ပြည်သူတွေမှာကျတော့ ပွင့်လင်းအောင် မမြင်တတ်တဲ့ အခါကျတော့ ငါတို့အမျိုး လာမထိနဲ့ ဆိုတာမျိုး ဖြစ်လာတာပေါ့။ ဒါပေမဲ့ ဒီနေ့အချိန်မှာတော့ အဲဒါတွေ တော်တော်လေး ကျွန်တော်တို့ ပြည်သူတွေက ယဉ်ယဉ်ကျေးကျေး တော်လှန်နိုင်ပြီ ထင်တယ်။ ဒါကြောင့် အရင်ထက်စာရင်တော့ ပိုပြီး လွယ်ကူလိမ့်မယ်လို့ ထင်ပါတယ်။

မေး - နောက်ဆုံးမေးခွန်းပေါ့။ ဒီဒေသက အနိုင်ရပါတီ ကိုယ်စားလှယ်တွေ မကြာခင် လွှတ်တော်တက်ရတော့ မယ်။ ကိုယ့်ဒေသ တကယ်ဖွံ့ဖြိုးဖို့၊ ရေရှည်ဖွံ့ဖြိုးနေဖို့ဆိုရင် လွှတ်တော်မှာ ဘယ်လိုအဆိုတင်တာမျိုးတွေ လုပ်ဖို့ တွန်းအားပေးသွားမလဲ။

ဖြေ - ဒီဟာကတော့ ကျွန်တော် တိတိကျကျ ပြောနိုင်ဖို့တော့ ခက်ခဲလိမ့်မယ်ဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ က အချက်အလက်တွေ သိပ်စုဆောင်းထားတာ မရှိသေးတာ။ အဲဒီတော့ အချက်အလက်တွေ စုဆောင်းရမှာပေါ့။ ကျွန်တော် ဖြစ်ချင်တာကတော့ ကျွန်တော်တို့ ဒေသ တစ်ခုလုံးမှာ တောင်ပိုင်းမှာ ဘာတွေ လိုအပ်တယ်၊ မြောက်ပိုင်းမှာ ဘာတွေလိုအပ်သလဲ၊ တစ်ရွာချင်းမှာ ဘာတွေလိုအပ်သလဲ၊ အဲဒါတွေကို ချုံကြည့်လိုက်လို့ အများစု တကယ့်အရေးအကြီးဆုံး လိုအပ်ချက်တွေက ဘာတွေဆိုတာ ကျွန်တော်တို့က အဲဒီကျတော့မှ ဒီအချက်အလက်တွေကို ချုံကြည့်ပြီး တွေ့ရတဲ့အခက်အခဲတွေ အားလုံးထဲက အခက်ခဲဆုံး၊ အလိုအပ်ဆုံးဟာကို အရင်ဆုံး တင်ပြနိုင်ဖို့ လုပ်ရမှာပါ။ အဲဒီလိုပဲ သွားရမှာပေါ့။

မေး - အခုလို စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :