Wednesday, February 24, 2016

aung7

ချင်းတောင် မြေပြိုကန် ဖြစ်တည်လာပုံနှင့် သတိထားရမည့် အန္တရာယ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟန်ကင်ကျေးရွာ အနောက်ဘက်တွင် ဖြစ်ပေါ်နေသည့် သဘာဝ မြေပြိုကန် (ဓာတ်ပုံ - အစီရင်ခံစာမှ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မြေပြိုတောင်ပြိုခြင်းကြောင်း ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ တွီလွီချောင်း ဖျားတွင် ဖြစ်ပေါ်လျက် ရှိသည့် သဘာဝမြေပြိုကန်သည် အကျယ်အ၀န်း ၁၀၀.၄၄ ဧက ကျယ်ဝန်းပြီး ပတ်လည် အလျား စုစုပေါင်း ၄၇၄၁ မီတာ ကျယ်ဝန်းသည်။ လက်ရှိတိုင်းတာချက်များအရ ရေသိုလှောင်မှုပမာဏ ၁၅၅၁၈၃၅၂ ကုဗမီတာအထိ ရှိသည်။ ရေကန်အတွင်း အဆက်မပြတ် စီးဝင်နေသော ချောင်းများ ရှိခြင်း၊ ရေငွေ့ပျံမှုနည်းပါးသော ရာသီ ဥတုနှင့် တောင်ထူထပ်ခြင်းကြောင့် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးရေခံဧရိယာများမှ မိုးရေ စုဆုံလာနိုင်ခြင်း၊ ရုတ်ချည်း မြေငလျင် လှုပ်ရှားမှု ဖြစ်ပေါ်ခြင်းကြောင့်လည်းကောင်း မတည်မြဲနိုင်သော ရေကန် အမျိုးအစားလည်း ဖြစ်သည်။

အလားတူ ဧရိယာကြီးမားသည့် မြေပြိုကန် (A) အပြင် ၄င်းပတ်ဝန်းကျင် တွင်လည်း အကျယ် အ၀န်းသေးငယ်သည့် မြေပြိုကန်ပေါင်း လေးကန် ရှိနေသေးသည်။ ယင်း အကြီးဆုံးမြေပြိုကန် တောင်ဘက်ရှိ မြေပြိုကန် (B) မှာ သီးခြားချောင်းလက်တက်ပေါ်တွင် ဖြစ်ပေါ်နေသည့် ရေကန် ငယ်ဖြစ်ပြီး ရုတ်ချည်း မကျိုးပေါက်နိုင်သော်လည်း ရေယိုပေါက်များ ရှိနေသည့်အတွက် သတိထားရမည့် ရေကန်ငယ် ဖြစ်သည်။
တောင်ပြိုကန်ပတ်ဝန်းကျင်ရှိ ရေဆင်းစနစ်ပြမြေပုံ (ဓာတ်ပုံ - အစီရင်ခံစာမှ)

အလားတူ အခြားကန်ငယ်များမှာလည်း မြေသား၊ ကျောက်သား ကျိုးပဲ့စာများအား ပျော်ဝင် တိုက်စား၍ ရွံ့နွံရေများအဖြစ် တွီလွီချောင်း အတွင်းသို့ စီးဝင်နိုင်သည့် အနေအထား ရှိနေသည်။ သာမန်အချိန်တွင် အန္တရာယ်မရှိသော်လည်း မိုးတွင်းအခါ ရေပြည့်လာပါက အန္တရာယ်ပေးနိုင်သော သဘာဝရေကန်ငယ်များ ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပြိုခြင်းများကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သေးရာ ယခုအချိန်အထိ ပြန်လည်ထူထောင် ရေး လုပ်ငန်းများကို လုပ်ဆောင်နေရဆဲ ကာလ ဖြစ်သည်။

ယင်းသို့သော အခြေအနေတွင် မြေပြိုကန် ဖြစ်ပေါ်လာရပုံနှင့် ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်များကို ပြည်သူများ သိရှိစေနိုင်ရန်အတွက် တင်ပြလိုက်ပါသည်။

မြေပြိုကန် တည်နေရာ
သဘာဝမြေပြိုကန် ဖြစ်ပေါ်နေသည့် ဒေသမှာ ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့၏ အရှေ့မြောက် ၂၅ ကီလိုမီတာခန့်အကွာ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ဘက် ကီလိုမီတာ ၈၀ ခန့်တွင် တည်ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၇၀ မီတာ (၄၄၉၄ ပေ) တွင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

မြေပြိုကန်ရှိရာ မြေမျက်နှာသွင်ပြင်
သဘာဝ မြေပြိုကန်ရှိရာ တွန်းဇံမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက် ဘက် တောင်တန်းဒေသတွင် တည်ရှိပြီး တောင်စောင်းများ၏ ဆင်ခြေလျောများမှာ ၃၀ ဒီဂရီမှ ၄၀ ဒီဂရီအထိ စောင်းလျက် တည်ရှိ သည်။ မြေပြိုကန် တည်ရှိရာဒေသရှိ တောင်တန်းများမှာ ပေ ၄၀၀၀ မှ ၆၀၀၀ အထိ မြင့်မားပြီး ဗွီပုံသဏ္ဍာန် ယင်းတောင်ကြားများအတွင်း ချောင်းများ စီးဆင်းနေခြင်း ဖြစ်သည်။ တောင်ထူထပ် သည့် ဒေသဖြစ်၍ မြင့်မားမက်စောက်သော ဆင်ခြင်လျောများရှိပြီး အများအားဖြင့် ဆင်ခြေလျောများမှာ ပေ ၃၀ အထက် ရှိသည်။ အပေါ်ယံမြေသားမှာ ပွ၍ ကွဲအက်လွယ်သည်။ အပေါ်ယံမြေသားထုမှာ တစ်မီတာမှ နှစ်မီတာ ထူပြီး ကျောက်သားအကျိုးအပဲ့များ ရောနှောနေ သည့် မြေအမျိုးအစားဖြစ်သည်။ယင်းအပေါ်ယံမြေသားထုအောက်တွင် မူလအောက် ခံကျောက်များမှာ ယှေ လကျောက်၊ သဲကျောက်၊ ရွံ့ကျောက်နှင့် သင်ပုန်းယှေလကျောက် တို့ ဖြစ်သည်။
တောင်ပြိုကန်ပတ်ဝန်းကျင်ရှိ ဘူမိရုပ်သွင် အနေအထား (Geomorphology) (ဓာတ်ပုံ - အစီရင်ခံစာမှ)

ရေဆင်းစနစ်
ယင်းဒေသ ရေဆင်းစနစ်မှာ ခက်ပြိုင် ရေဆင်းစနစ် (Parallel Patterm) နှင့် ခက်ဖြာ ရေဆင်းစနစ် (Dendirtic Patterm) တို့ ရှိသည်။ ယင်းဒေသ၏ အမြင့်ဆုံးတောင်မှာ တောင်ပြိုရေကန်၏ ရေဝေ တောင်ထိပ်ဖြစ်သော Nouko Vum တောင်ဖြစ်ပြီး ၂၆၆၅ မီတာ (၈၇၄၃ ပေ) မြင့်မားသည်။ တောင်ပြိုရေ ကန် တည်ရှိရာ ရေဝေဒေသရှိ ချောင်းများစုဆုံကာ အနောက်ဘက်မှ အရှေ့ဘက်သို့ စီးဆင်းနေသော တွီလွီချောင်း Tui Lam Lun ချောင်း ဖြစ်ပေါ် ၍ ကလေးမြို့ မြောက်ဘက်ရှိ ရာဇဂြိုဟ်ဆည်အတွင်းသို့ စီးဆင်းသည်။ တောင်ပြိုရေကန်မှ ရာဇဂြိုဟ်ဆည်အထိ ဖြတ်သန်းစီးဆင်းရသော အကွာအဝေးမှာ ၂၆ မိုင်ခန့် (၄၂ ကီလိုမီတာ) ရှိသည်။
မြေပြိုကန် တည်နေရာများနှင့် မြေဒေသပြပုံ (ဓာတ်ပုံ - အစီရင်ခံစာမှ)

မြေပြိုရသည့် အကြောင်းရင်း
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် သဘာဝမြေပြိုကန်မှာ မည်ကဲ့သို့ ဖြစ်ပေါ်လာရသည်ကိုမူ အစိုးရပိုင်း တာဝန်ရှိ သူများက လေ့လောဆဲဖြစ်ပြီး မြေပြိုရသည့် အကြောင်းအရင်းများမှာမူ ယခုကဲ့သို့ ဖြစ်သည်။

မြေပြိုရသည့် အကြောင်းအရင်းတွင် သဘာဝတရားကြောင့် မြေပြိုခြင်းနှင့် လူတို့၏ ပယောဂကြောင့် ပြိုခြင်းဟူ၍ နှစ်မျိုးရှိသည်။ သဘာဝ တရားကြောင့် မြေပြိုရခြင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် နှင်း များကျဆင်းခြင်း၊ မြေအောက်ရေ မြင့်တက်လာခြင်းကြောင့် မြေ၏ ခုခံနိုင်ရည်စွမ်းအား ကျဆင်းခြင်းနှင့် ရေစုပ်ယူမှုကြောင့် မြေတွင် ပါဝင်သော တွဲဆက်ပစ္စည်းအလေးချိန် တိုးလာခြင်း၊ ကျောက်များ ပုံပျက်လာခြင်း၊ မြေ ငလျင် ဗဟိုချက်အနီး တောင်ကုန်းတောင်တန်းများရှိပါက မြေပြိုခြင်း၊ မီးတောင် ပေါက်ကွဲခြင်းတို့ ဖြစ်သည်။

လူတို့ ပယောဂကြောင့် မြေပြိုရခြင်းတွင် (၁) တောင်ယာစိုက်ပျိုးရန်နှင့် သစ်ထုတ်လုပ်ရေးအတွက် သစ်ခုတ်ခြင်း၊ တောရှင်းခြင်း၊ တော မီးရှို့ခြင်းကြောင့် သစ်တောများ ပြုန်းတီးခြင်း (၂) တောင်စောင်းများတွင် လမ်းဖောက်ခြင်းနှင့် မြေတူးဖော်ခြင်း (၃) ပြင်းထန်စွာ ဖောက်ခွဲခြင်း (၄) စက်ယန္တရားများ သွားလာခြင်းကြောင့် တုန်ခါမှု ဖြစ်ခြင်း (၅) သတ်မှတ်စံညွှန်းများနှင့် မညီဘဲ အဆောက်အဦများ ဆောက်လုပ်ခြင်း တို့ကြောင့် ဖြစ်သည်။

တောင်ပြိုကန်ဝန်းကျင်ရှိ မြေပြိုကျမှု အမျိုးအစားများ
တောင်ပြိုကန်ဝန်းကျင်တွင် အကြောင်းအမျိုးမျိုးကြောင့် မြေပြိုမှုများ ဖြစ်ပေါ် တတ်ရာ မြေပြိုမှု အမျိုးအစား လေးမျိုး ရှိသည်။ ၄င်းတို့မှာ စီးတင်ခြင်း (Flow)၊ ပြင်လိုက်လျောဆင်းခြင်း (Translational Slide)၊ လည်၍ ပြိုဆင်းခြင်း (Rotational Slide) နှင့် အပေါ်ယံ မြေလွှာလျောကျမှု (Shallow Failure) တို့ ဖြစ်သည်။
မြေပြိုကန်အား ဖြစ်ပေါ်စေခဲ့သော ပြင်လိုက်လျောကျမှု မြေပြိုခြင်း (Plane Failure) အား မြေပြိုအပြီး တွေ့ရစဉ် (ဓာတ်ပုံ - အစီရင်ခံစာမှ)

စီးတင်ခြင်း (Flow)
မြင့်မားမက်စောက်သော တောင်စောင်းနှင့် လျှိုများတွင် တွေ့ရများသော မြေပြို မှု အမျိုးအစား ဖြစ်သည်။ အထူးသဖြင့် ရေဝေတောင်စောင်းများ၏ တစ်သားတည်းမရှိသော ကျောက်လွှာ (သို့မဟုတ်) မြေသားများအတွင်း မိုးရေ စိမ့်ဝင်ရောက်ခြင်းနှင့် ရွာချသည့် ရေများကို ပိတ်မိစေပြီး သဘာဝမြေပြိုကန် (မြေပြိုဆည်) များ ဖြစ်ပေါ်စေတတ်သည်။ ယင်းသို့ မြေပြိုဆည် ဖြစ်ပေါ်နေ ချိန်တွင် မိုးသည်ထွန်စွာ ထပ်မံရွာသွန်းပါက ၄င်းမြေသား (သို့မ ဟုတ်) ကျောက်သားတို့ ၏ ခံနိုင်ရည်အင်အားထက် တွန်းချအား ပိုမိုများပြားလာပြီး၊ ကမ္ဘာမြေဆွဲအားကြောင့် ရုတ်ချည်းပြိုကျမှုသည် ပြေး၍ မလွတ်သော အရှိန်အဟုန်ဖြင့် ပြိုဆင်းလာခြင်းမျိုး ဖြစ်သည်။

ပြင်လိုက် လျောကျခြင်း (Translational Slide)
အောက်ခံကျောက်လွှာ၏ အငိုက် (Dip Direction) ၏ လားရာမျက်နှာပြင် တစ်လျှောက် လျောကျမှု အမျိုးအစားဖြစ်ပြီး ကျောက်လွှာပြင်၏ ပြင်ညီ (Bedding Plane) အတိုင်း အောက်ရေ ၀င်ခြင်း၊ မိုးရေစိမ့်ဝင်မှုတို့ကြောင့် အလွန်ပြင်းထန်သော တောင်ပြိုကျမှု ဖြစ်ပေါ်လာနိုင်သည်။ အဆိုပါ တောင်ပြို ကျမှုမှ သဘာဝရေကန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လည်၍ ပြိုဆင်းခြင်း (Rotational Slide)
မှန်ဘီလူးခွက်သဏ္ဍာန်ကွေးသော ကွဲအက်မျက်နှာပြင်တစ်လျှောက် ရေစိမ့် ၀င်ခြင်းကြောင့် ရွေ့လျားလျောဆင်းခြင်းမျိုး ဖြစ်သည်။ ယေဘုယျအားဖြင့် ကျောက်သားအက်ကြောင်းများသည် ကွန်တိုမျဉ်းနှင့်အပြိုင် တွေ့ရလေ့ရှိပြီး ကွဲအက်မျက်နှာပြင်သည် စက်ဝိုင်းပုံဖြစ်လျက် ရွေ့လျား သော ထုထည်သည် အတွင်းပိုင်း၌ အနည်းငယ်ပုံပျက်လျှင် ယင်းစက်ဝိုင်းမျက်နှာပြင် တစ်လျှောက် ရွေ့လျားနိုင်ပါသည်။

အပေါ်မြေလွှာ ကျဆင်းခြင်း (Shallow Failure)
အငယ်စားမှ အလတ်စား ထုထည်ရှိသော ကျောက်လွှာပြင်များအတွင်း Pore Water Pressure ကြောင့် တည်ငြိမ်မှုပျက်ပြားကာ ပြင်ညီအတိုင်း လျောဆင်းခြင်းမျိုး ဖြစ်သည်။
ပတ်ဝန်းကျင်အနှံ့ မြေပြိုမှုကြောင့် ဖြစ်ပေါ်လာသော ရေကန်ငယ်အား မြေပြိုကျိုးပဲ့စာများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - အစီရင်ခံစာမှ)

တောင်ပြိုကန်အကျယ်အ၀န်းနှင့် ရေစူးအနက်
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ဖြစ်ပေါ်နေသည့် တောင်ပြိုကန်မှာ ဧရိယာ အကျယ်အ၀န်းအားဖြင့် ၁၀၀.၄၄ ဧက ကျယ်ဝန်းပြီး ပတ်လည်အလျား ၄၇၄၁ မီတာ ရှိသည်။ ပျမ်းမျှ ရေအနက်မှာ ၁၅၀ ပေ ရှိပြီး ရေအနက်ဆုံးအပိုင်းမှာ ၂၅၄ ပေ ရှိကာ ရေထုထည်ပမာဏအားဖြင့် ၁၅၅၁၈၃၅၂ ကုဗမီတာ ရှိသည်။

သတိထားရမည့်အချက်များ
တောင်ပြိုဆည်၏ နေရာအနေအထားအရ ချောင်းအထက်ပိုင်း ရေဝေရေလဲဒေသများတွင် မြေပြိုမှု လက္ခဏာများ ရှိနေပြီး ဘူမိအနေအထားအရ ကျောက် လွှာများ၏ ဆင်ခြေလျောအနေအထား၊ ကျောက်လွှာအနေအထားတို့အရ မိုးရွာသွန်းမှု ကြာချိန်၊ ပြင်းအားတို့အရ မြေပြိုခြင်းများ၊ မကြာခဏ မြေ ပြိုခြင်းများမှ ကျိုးပဲ့စာများ၊ အနည်အနှစ်များ မြေပြိုကန်အတွင်း ကျရောက်ခြင်းဖြင့် ရေမျက်နှာပြင် မြင့်တက်မှုများ ဖြစ်လာနိုင်ပါသည်။ ထို့ပြင် မိုးရွာသွန်းမှုကြောင့် ရေ၀င်ဒေသများမှ မိုးရေများ ၀င်ရောက်လာပါက လက်ရှိ ကန်ရေမျက်နှာပြင်ထက် မြင့်တက်လာနိုင်ပါသည်။
သဘာဝမြေပြိုကန်ဘောင်ပေါ်ရှိ ကျောက်တုံးကြီးများ (ဓာတ်ပုံ - အစီရင်ခံစာ)

ယင်းသို့ ဖြစ်ပေါ်လာပါက ချောင်းအထက်ပိုင်း ရေတက်ခြင်းနှင့် ရေထုထည် ဖိအားများခြင်းကြောင့် ကန် ကျိုးပေါက်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့သို့ ကန်ကျိုးပေါက်ပါက ချောင်းအောက်ပိုင်းရှိ ဒေသများတွင် ရေလွှမ်းမိုးမှု များ ဖြစ်ပေါ်လာနိုင်သည်။

ထို့ပြင် သဘာဝမြေပြိုကန်အား နည်းပညာအကူအညီဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်သော်လည်း ထုထည်များပြားသော မြေပြိုကျိုးပဲ့စာများ၊ မြေစာမှုံ့များအား မိုးရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာမည့် ရွံ့နွံရေများ အန္တရာယ်များ မလွဲမသွေ ရှိနေမည်ဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များက ခန့်မှန်းထားသည်။

အောက်ချင်း သတင်းအေဂျင်စီ

(မှတ်ချက် ။ ။ အစီရင်ခံစာတွင် အသေးစိတ် အချက်အလက်များ ပါရှိသော်လည်း သာမန်ပြည်သူများ နားလည်ရခက်သည့် စကားရပ်များ ဖြစ်နေသည့်အတွက် သိသင့်သိအပ်သည့် အချက်အလက်များကိုသာ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။)

ကိုးကား - သဘာဝမြေပြိုကန် (Landside Dam) အား ဘေးအန္တရာယ် ရှိ/မရှိနှင့် ဘူမိဗေဒ ကွင်းဆင်း လေ့လာမှု အစီရင်ခံစာ (၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :