Monday, February 29, 2016

aung7

မောရပြန်ပြီ အို ရွှေလီ (၁)

မောရပြန်ပြီ အို ရွှေလီလို့ ခေါင်းစဉ်တပ်လိုက်တာကြောင့် ရွှေလီမြစ်ကြီး အကြောင်း ဘာပြောမလဲလို့တော့ တွေးနေ ကြမှာပဲ။ ကိုယ့် မြန်မာပြည် အရေးတောင် မောလို့ မကုန်နိုင်တာ တရုတ်ပြည်က ရွှေလီမြစ်အကြောင်း ဘာ့ကိစ္စကြောင့် မောရမှာလဲဗျာ။ တရုတ်တွေ စည်းမဲ့ကမ်းမဲ့ ထုတ်နေတဲ့ ကျောက်စိမ်းကိစ္စတွေအကြောင်းကြောင့်လား ဆိုရင်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ရွှေလီနဲ့တော့ ဆက်စပ်နေသမျှ။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ ကျယ်ဂေါင်ဆိုတဲ့ တရုတ်-မြန်မာ နယ်စပ်က ကျောက်စိမ်း လက်ကားဈေးကွက်ကြီး အကြောင်းပါ။

ကျောက်စိမ်းဆိုတာ သိတဲ့အတိုင်း မဟုတ်လား။ မြန်မာပြည်က ထွက်ပြီး တရုတ်တွေရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ တွင်းထွက်ပစ္စည်း။ လက်ရှိ အစိုးရမင်းက မကြာခင် အာဏာလွှဲရတော့မယ်ဆိုတော့ ကချင်ပြည် က ကျောက်စိမ်းတွေကို တရုတ် လုပ်ငန်းရှင်တွေက ကျန်တဲ့အစိုးရ သက်တမ်းအတွင်း ရနိုင်သမျှ ဖြစ်ညှစ်ထုတ်နေကြလို့ လူမှုကွန် ရက်ပေါ်မှာ အော်ကြဟစ်ကြတယ် မဟုတ်ပါလား။ အဲဒီကျောက်စိမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဈေးကွက်ဖွင့် ၀ယ်ရောင်းနေတာက မြန်မာပြည်ဘက်ခြမ်း မူဆယ်ရဲ့ ဟိုဘက် တရုတ်ပြည်က ကျယ်ဂေါင်မှာပါ။ မြန်မာလို တရုတ်လို နှစ်ဘာသာနဲ့ ကျယ်ဂေါင် ကျောက်စိမ်းလက်ကားဈေးဆိုပြီး ၀ယ်ကြ ရောင်းကြနေတာ အံ့သြစရာပေါ့။ မြန်မာပြည်က လုပ်တဲ့ ကျောက်မျက်ရတနာ ပြပွဲဆိုတာ သူတို့လောက်ကို မရှိဘူးလို့ ပြောရမယ်။ အဲဒီလို ကျောက်စိမ်းလက်ကာဈေးတင် မကဘူးနော်။

ကျယ်ဂေါင်နဲ့ ထိစပ်နေတဲ့ တရုတ် ရွှေလီထဲမှာလည်း ကျောက်စိမ်းဈေးကွက်က အကြီးကြီး။ ကျယ်ဂေါင်ကော ရွှေလီထဲမှာပါ ခုံကလေးတွေ ချပြီး တစ်နိုင်တစ်ပိုင် ကျောက်လုပ်ငန်းတွေ အပြင် တစ်ထီးတစ်နန်းနဲ့ ဖွင့်ထားတဲ့ ကျောက်စိမ်း အရောင်းဆိုင်ကြီးတွေက ဟီးဟီးကို ထလို့။ အဲဒီကျောက်တွေက ဘယ်ကလာသလဲ။ အဓိကတော့ ကချင်ကနေ မန္တလေး၊ မန္တလေးကနေ မူဆယ်၊ မူဆယ်ကနေ တရုတ်ပြည်ပေါ့။ တစ်နံတစ်လျား ခရီးနှင်ပြီး တရုတ်ပြည်မှာ မင်းမူနေတာက မြန်မာတွင်းထွက် ကျောက်စိမ်း။ မခွဲရသေးတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်စပ်နေကြတဲ့ မြန်မာတွေ၊ ကျယ်ဂေါင်မြို့လယ်မှာ ညပိုင်းဖွင့်တဲ့ လမ်းဘေး ငါးခူချဉ်စပ်ဆိုင်မှာ ထိုင်ရင်း တခုတ်တရ ပြောနေကြတာလည်း ကျောက်စိမ်း အရောင်းအ၀ယ်ပဲ။
တရုတ်ပြန် ရွှေလီ၊ ကျယ်ဂေါင်ရောက် မြန်မာ့ကျွန်းသစ်။ Photo by www.usatoday.com
ဟော ကျယ်ဂေါင်က ကျော်လို့ ရွှေလီမြို့ထဲကို ရောက်ပြန်တော့လည်း ကျောက်စိမ်းပဲ။ မြန်မာပြည်သားလို့ ကိုယ့် ကိုယ်ကို သတ်မှတ်ထားတဲ့ ရခိုင်က လာတဲ့ ဘာသာခြားတွေက ရွှေလီ ကျောက်စိမ်းဈေးကွက်ကို မင်းမူနေပြန်ကော။ သူတို့နဲ့အတူ အလုပ်ဖြစ်နေတာက ကွမ်းယာ။ ကျယ်ဂေါင်ကော၊ ရွှေလီကော သန့်ရှင်းနေပေမယ့် ကတ္တရာလမ်းပေါ် ကွမ်းယာတံ တွေးကွက်တွေ တွေ့ရင် အဲဒီနေရာမှာ မြန်မာရှိတယ်လို့တောင် သတ်မှတ်လို့ ရအောင် ကွမ်းယာကလည်း အလုပ်ဖြစ်နေပြန် ကော။ ထားချေ။ ရွှေလီမြို့က ကျောက် စိမ်း အရောင်းဆိုင်တန်းကတော့ ကျွန်တော် ရောက်တဲ့အချိန် ပြန်ပြင်နေတာနဲ့ တိုးလို့ တိတိကျကျ တော့ မှတ်တမ်းမရခဲ့ပေမယ့် အဲဒီကျောက်စိမ်းတန်း ကလည်း ရွှေလီရဲ့ အထင်ကရ နေရာတစ်ခုလို့ ပြောဆိုနေကြတာလေ။ အဲဒီ ကျောက်စိမ်းတန်းမှာလည်း မင်းမူနေတာက မြန်မာပြည်က ကျောက်စိမ်း။ တရုတ်တွေရဲ့ ကျောက်စိမ်း လက်ဝတ်ရတနာအပေါ် ရူးသွပ်မှုက မြန်မာ့တွင်း ထွက်ကျောက်စိမ်း ပြုတ်ပြုတ်ပြုန်းရခြင်းနဲ့ မှောင်ခိုသမားတို့ အတွက် ငွေတွင်းကြီး ဖြစ်လို့နေတာပါပဲ။

ကျောက်စိမ်းဆိုလို့ ကျောက်စိမ်း အရောင်းဆိုင်တွေကို လိုက်စပ်စုကြည့်တော့ အစိမ်းဖျော့ဖျော့ပါတဲ့ ကျောက်ကနေ တကယ့်ကို ကတ်္တီပါစိမ်းလို့ ပြောရမယ့် အရည်အသွေးမြင့် ကျောက်စိမ်းအထိ စုံလို့ လင်လို့။ သြော် ငါတို့စီက တွင်းထွက်တွေက ဒီနေရာမှာတော့ တခုတ်တရနဲ့ နာမည်ကောင်းရနေ ပါလားလို့။ ဘယ်နေရာကြည့်ကြည့် ကျောက်စိမ်းဆိုင်တွေကတော့ အပြည့်။ ကျောက်စိမ်းတင်လား မဟုတ်ဘူးနော်။ မြန်မာပြည်က ထွက်တဲ့ အင်ကြင်းကျောက်တွေကလည်း တရုတ်လူမျိုးတွေရဲ့ သည်းခြေကြိုက်မို့ ထင်။
တရုတ်ပြည်ကို သွားတော့မယ့် မြန်မာ့အဖိုးတန် ကျွန်းသစ်။ Photo - http://www.globalpost.com
ဒီမှာ တွေ့ရတဲ့ အင်ကြင်းကျောက် အပိုင်းအစမျိုးတွေ မဟုတ်ဘဲ ထုလိုက် ထည်လိုက်နဲ့ကို တင်သွင်း ထားကြတာ။ ကျောက်ဖြစ်နေတဲ့ အင်ကြင်းကျောက် အပင်လိုက်တွေ၊ ပင်စည်းပိုင်းလိုက်တွေကို အပုံလိုက် အပုံလိုက် တွေ့ရပြန် ကော။ အဲဒီအင်ကြင်းကျောက်တွေကို ပြန်သွေး၊ အရောင်တင်ပြီး တရုတ်လူမျိုးတွေ တခုတ်တရ ၀တ်ဆင်ကြတာ ကိုလည်း တွေ့ပါ့။ အဲဒီကျောက်သွေးလုပ်ငန်းတွေကိုတော့ ကျယ်ဂေါင်ဘက်မှာ မတွေ့ရဘဲ ရွှေလီမှာပဲ တွေ့ခဲ့ရတယ်။ ရွှေလီက နာမည်ကြီးတဲ့ တာဖုန်းဈေးကြီးထဲမှာ အဲဒီကျောက်သွေးလုပ်ငန်း အများစုကို တွေ့ခဲ့ရပြီး ဆိုင်တိုင်း ဆိုင်တိုင်းလိုလိုမှာ မြန်မာပြည်က နည်း မျိုးစုံနဲ့ တင်သွင်းထားတဲ့ အင်ကြင်းကျောက်တွေက ပုံစံမျိုးစုံ၊ အရောင်အသွေးမျိုးစုံနဲ့ ၀င့်လို့ ထည်လို့ပေါ့။ သြော်...Value Add ဆိုတာ ဒါပါလားလို့ အတွေးပေါက်မိတယ်။

ဒါပေမဲ့ တစ်ခုတော့ အမှတ်တရ ဖြစ်မိတာ ရှိပါတယ်။ အဲဒါကတော့ ကျယ်ဂေါင် ကျောက်စိမ်းလက်ကားဈေးထဲမှာပါ။ ရန်ကုန်က ဗိုလ်ချုပ်ဈေးထက်တောင် ကျယ်တဲ့ ကျောက်စိမ်းဈေးကွက်ကြီးထဲမှာ ကျောက်စိမ်းအပြင် မြန်မာပြည်က ထွက်တဲ့သစ်တွေကိုပါ အပုံလိုက် ထားပြီး ရောင်းဝယ်နေကြတာပါ။ အပုံလိုက်ဆိုလို့ သစ်ခွဲသားတွေလို့တော့ မထင်လိုက်ပါနဲ့။ သစ်အလုံး လိုက်တွေပါ။ မြန်မာပြည်မှာ သစ်ကို အလုံးလိုက် ပြည်ပမပို့ဘဲ ခွဲသားအနေနဲ့သာ ပို့ရမယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပေမယ့် ကျယ်ဂေါင် ကျောက်စိမ်းလက်ကားဈေးမှာ ပုံထားတဲ့ သစ်တွေကတော့ အလုံးမပျက် ထီးထီးကြီးတွေပါ။

တကယ်ဆိုရင် ကျယ်ဂေါင်ကို ရောက်ဖို့ဆိုရင် မန္တလေးကနေ တွက်မယ်ဆိုရင် စစ်ဆေးရေးဂိတ်တွေ အများကြီးပါ။ မန်္တလေး ၁၆ မိုင်ဂိတ်၊ ရေပူဂိတ်၊ နောင်ချို ဂိတ်၊ မူဆယ် ၁၀၅ မိုင်ဂိတ်၊ မူဆယ်ဂိတ် အဆင့်ဆင့် အများကြီးပါ။ ဒါပေမဲ့လည်း မြန်မာ့အဖိုးတန် သစ်တွေကတော့ တရုတ်ပိုင် ကျယ်ဂေါင်ထဲ က ကျောက်စိမ်းဈေးကွက်မှာ အဆင်းလိုက် အဆင်းလိုက် ဈေးတင်ခံနေရတော့ အံ့လည်း သြမိပါတယ်။
နည်းအမျိုးမျိုးနဲ့ မြန်မာပြည်ကနေ ထွက်နေတဲ့ မြန်မာ့ကျွန်းသစ်။ Photo - www.eia-international.org
မြန်မာပြည်ဘက်က ပို့တဲ့သူလည်း ရှိတော့ တရုတ်ဘက်က လက်ခံတာကိုတော့ အပြစ်တော့ မပြောတော့ပါဘူး။ ဒါပေမဲ့ သစ်လုံးတွေကို ကြည့်ရင်း ပြောမိတာကတော့ မောရပြန်ပေါ့ အို ရွှေလီရယ်လို့။

အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :